အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ ၂၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံအမှာစကား ပြောကြားခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ Gold Medal Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ အားကစားနည်း ၅၀ နည်းခန့်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၂၄ နည်း ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ချိန်ကာလအားဖြင့် ၈ လသာ ကျန်တော့မည်ဖြစ်သည့်အတွက် ယခင်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများထက် ဆုတံဆိပ်များစွာကို ဂုဏ်သိက္ခာရှိစွာဖြင့် ထိုက်ထိုက်တန်တန် ပိုမိုရယူပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများ သုံးဦး သုံးဖလှယ် ဟန်ချက်ညီမှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ရာတွင် နောက်ဆုံးအချိန်အထိ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်တို့ဖြင့် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားရန်လိုကြောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ စံချိန်များကို ချိုးနိုင်ပြီး စံချိန်သစ်များ တင်နိုင်ရမည်ဆိုသည့် စိတ်ဓာတ်များဖြင့် ကြိုးစားလေ့ကျင့်ကြရန်လိုကြောင်း၊ ကျန်းမာရေး အထူးဂရုစိုက်ရန်နှင့် မိမိတို့၏ အရည်အသွေးများ/အရည်အချင်းများ တိုးတက်အောင် နည်းပြဆရာများ၏ သင်ကြားပြသ လေ့ကျင့်ပေးမှုအတိုင်း စနစ်တကျလိုက်နာလေ့ကျင့်သွားရန်လိုကြောင်း၊ နည်းပြများအနေဖြင့်လည်း အားကစားသမားများ စံပြအတုယူထိုက်သည့် နည်းပြဆရာကောင်းများဖြစ်အောင် ပြုမူပြောဆိုနေထိုင်ရန်လိုကြောင်း၊ မိမိအားကစားသမား အရည်အသွေးများတိုးတက်ပြီး အောင်မြင်မှုဆုတံဆိပ်များရရှိအောင် စိတ်စေတနာထား၍ လေ့ကျင့်သင်ကြားပေးသွားရန် အထူးမှာကြားလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် အောင်မြင်မှုဆုတံဆိပ်များရရှိခဲ့ကြသည့် အားကစားသမားများကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြု ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အာရှအာကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရရှိခဲ့ကြသော သက်ရှိထင်ရှားရှိသည့် အသက်(၆၀)နှစ်နှင့်အထက် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းကြီးများကို ရရှိခဲ့သည့် ဆုတံဆိပ်များအလိုက် လစဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မိမိအနေဖြင့်လည်း ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိကြမည့် နိုင်ငံဂုဏ်ဆောင် အားကစားသမားများကို ယခင်နှင့်မတူသည့် ထောက်ပံ့မှုများဖြင့် ထောက်ပံ့ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားသမားများ စိတ်ဓာတ်ခွန်အားများ ရရှိစေရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ဖွင့်လှစ်ပြသထားသည့် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းတွင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းကြီးများ၏ အားကစားစွမ်းဆောင်ခဲ့မှုမှတ်တမ်းများနှင့် ပုံတူရုပ်တုများကို သွားရောက်ကြည့်ရှုလေ့လာနိုင်အောင် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အောင်မြင်မှုရရှိရန်အတွက် ဘေးမှတာဝန်ရှိသူများ၏ ပံ့ပိုးကူညီမှုများအပြင် မိမိကိုယ်တိုင်ကလည်း အစွမ်းအစနှင့် အရည်အချင်းများရှိရန်လည်း လိုအပ်သည့်အတွက် အားကစားသမားများအားလုံး အစွမ်းကုန်ကြိုးစားလေ့ကျင့်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြ၊ အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။