ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝူရှူး၊ ဘောလုံးအားကစားပြိုင်ပွဲများ သွားရောက်ကြည့်ရှုအားပေး
ဟန်ကျိုး၊ စက်တင်ဘာ(၂၄)။
တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့ နံနက် ဒေသစံတော်ချိန်(၁၀)နာရီတွင် ဟန်ကျိုးမြို့ရှိ Xiaoshan Guali Sports Center အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ဝူရှူးအားကစားပြိုင်ပွဲတွင် မြန်မာအသင်းမှ မမြတ်နိုးအိမ်က ထိုက်ချိချွမ်နှင့် ထိုက်ချိကျန့် အားကစားနည်းများ ဝင်ရောက်ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး အားကစားရွာရှိ နိုင်ငံတကာအားကစားသမားများ နေထိုင်ရန်စီစဉ်ထားသည့် အဆောက်အဦးများအား လိုက်လံကြည့်ရှူ၍ မြန်မာအားကစားသမားများ နေထိုင်သည့်နေရာနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးခန်းတွင်ပြင်ဆင်ဖွဲ့စည်းထားသောအခန်းများအား လိုက်လံကြည့်ရှုပြီး အုပ်စုပြိုင်ပွဲများတွင် (၂)ပွဲအနိုင်ရရှိထားသော E-Sports အားကစားသမားများအား အားပေးအမှာစကားများပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဟန်ကျိုးမြို့ Xiaoshan Sports Center ၌ အမျိုးသား U-24 အုပ်စုပြိုင်ပွဲ ပွဲစဉ်(၂၆)အဖြစ် မြန်မာအသင်းနှင့် အိန္ဒိယအသင်း တို့ယှဉ်ပြိုင်ကစားနေမှုကို ဆက်လက်ကြည့်ရှုအားပေးခဲ့သည်။
(၂၅.၉.၂၀၂၃)ရက်နေ့တွင် မြန်မာအားကစားပွဲများမှ ဝူရှူး(အမျိုးသား)ပြိုင်ပွဲ၊ ဘောလုံး (အမျိုးသမီး)အုပ်စုပြိုင်ပွဲ ပွဲစဉ်(၁၂) မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရှိရသည်။




