အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ(၁၂)။

အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့စေရေး၊ ပြည်သူများ လာရောက်လေ့ကျင့်ကစားနိုင်စေရေးနှင့် မျိုးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရေးတို့အတွက် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အားကစားကွင်း/အားကစားရုံအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးအားကစားကွင်း အမြဲတမ်း စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသာယာမှုရှိပြီး နွယ်မြက်များနှင့် အမှိုက်များ ကင်းရှင်းစေရေးအတွက် မြက်ဖြတ်ခြင်းနှင့် သန့်ရှင်းရေးအား အမြဲတမ်း ပြုလုပ်ဆောင်ရွက်သွားရန်၊ အားကစားရုံအတွင်း ခို၊ ဌက်များ မဝင်ရောက်နိုင်စေရန်အတွက် ဝင်ရောက်နိုင်သည့် အပေါက်များကို စနစ်တကျ ကာရံသွားရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ ခရိုင်အားကစားကွင်းနှင့် မြို့နယ်အားကစားကွင်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားခန်းမ သန့်ရှင်းမှုရှိစေရေးအတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် ခို၊ ငှက်များ ဝင်ရောက်နိုင်သည့် အပေါက်များအား ပြန်လည်ပြုပြင်သွားရန်၊ အားကစားကွင်းများ အမြဲတမ်း စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသာယာမှုရှိပြီး နွယ်မြက်များ၊ အမှိုက်များကင်းရှင်းစေရေးအတွက် သန့်ရှင်းရေးအား အမြဲတမ်း ပြုလုပ်ဆောင်ရွက်သွားရန်နှင့် ပွဲကြည့်စင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပြီးနောက် ပြည်သူများ လာရောက်လေ့ကျင့်ကစားနိုင်စေရေးတို့အတွက် လိုအပ်သည့် အားကစား အထောက်အကူပြုပစ္စည်းများကို တာဝန်ရှိသူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မအူပင်ခရိုင်ရုံးနှင့် မြို့နယ်ရုံးတို့မှ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအချင်းချင်း ညီအစ်ကို မောင်နှမ၊ မိသားစုသဖွယ် ပြောဆိုနေထိုင်လုပ်ကိုင် ဆောင်ရွက်သွားရန်၊ ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊ အထက်အောက် အပြန်အလှန် လေးလေးစားစား ပြောဆိုဆက်ဆံကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များနှင့် အခက်အခဲများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးနောက် မအူပင်ခရိုင် ဘတ်စကက်ဘောကွင်းနှင့် အမိုးပါ တစ်ထပ်ပွဲကြည့်စင် တည်ဆောက်ရန် လျာထားသည့် မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် (၅)ကြိမ်မြောက်ကျွန်းဆွယ်အားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ဘတ်စကက်ဘော အားကစားသမားဟောင်း အသက်(၈၅)နှစ်ရှိပြီဖြစ်သည့် ဒေါ်ရှုဟိန်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေ ကျပ်(၁)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျိုက်လတ်မြို့နယ် အားကစားကွင်း/အားကစားရုံအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည့်အားကစားအထောက်အကူပြုပစ္စည်းများအား ထောက်ပံ့‌ပေးအပ်ခဲ့ပြီး‌နောက် တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။ ထို့နောက် ဝန်ထမ်းများအားတွေ့ဆုံ၍ ကျန်းမာရေးနှင့်လုံခြုံ ရေးဂရုစိုက်ကြရန် မှာကြားခဲ့ပြီး ၎င်းတို့၏ အခက်အခဲများအားဖြည့်ဆည်းဆောက်ရွက်ပေးခဲ့ကြောင်းသိရသည်။