ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနည်းအလိုက် အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလိုက်လံကြည့်ရှုအားပေး
နေပြည်တော်၊ ဖေဖော်ဝါရီ(၂၉)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင်အားကစားသမားများနှင့် (Youth Camp)မှ လူငယ်အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။
ဦးစွာ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ပြေးခုန်ပစ်(အပစ်)အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကတ်အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်အသင်းမှ အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး နေထိုင်စားသောက်လေ့ကျင့်မှုများတွင် အခက်အခဲများရှိပါက သတင်းပို့တင်ပြသွားရန် တာဝန်ရှိသူအား မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းတွင် ပြေးခုန်ပစ် (တာလတ်၊ တာဝေး)အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ အလေးမအားကစားရုံတွင် အလေးမအားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဖူဆယ်အားကစားရုံတွင် ဝူရှူးအားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တွင် ဘော်လီဘောအားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားများအား ကျန်းမာရေးအထူး ဂရုစိုက်ကြရန်နှင့် ဇွဲစိတ်ဓာတ်အပြည့်ဖြင့် ရေကုန် ရေခမ်း အစွမ်းကုန်ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ နေထိုင်စားသောက်လေ့ကျင့်မှုများအတွက် လိုအပ်သည်များကို အကောင်းဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် စံချိန်/စံညွှန်းများ တိုးတက်ကောင်းမွန်စေရန် မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့ကျင့်သွားရန်နှင့် ပြိုင်ပွဲအတွေ့အကြုံများ ရရှိစေရေးအတွက် နိုင်ငံတကာအားကစားပြိုင်ပွဲများကိုလည်း စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်သည့် လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများကိုလည်း ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်ချက်များနှင့်အခက်အခဲများရှိပါက တာဝန်ရှိသူများမှတဆင့် သတင်းပို့တင်ပြသွားရန်၊ အုပ်ချုပ်သူ/နည်းပြများအနေဖြင့် မိမိအားကစားသမား၏ လုပ်နိုင်စွမ်းရှိသလောက် စံချိန်/စံညွှန်းများ တိုးတက်ကောင်းမွန်အောင် လေ့ကျင့်သင်ကြားပေးသွားရန်၊ သားသမီးသဖွယ်ဂရုစိုက်၍ အခက်အခဲများကို လိမ္မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းသွားရန်နှင့် အားကစားသမားများ၏ ခန္ဓာကိုယ်ပိုင်းသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကိုပါ ဖြည့်ဆည်း ပေးသွားရန်လိုကြောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ စံချိန်/စံညွှန်းများကို အားကစားသမားများ သိရှိအောင် အိပ်ဆောင်များနှင့် လေ့ကျင့်ရေးကွင်း/ရုံများတွင် ကပ်ထားပေးရန်လိုကြောင်း တာဝန်ရှိ သူများအား မှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘိလိယက်နှင့်စနူကာအားကစားရုံတွင် ကျင်းပလျက် ရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် Snooker 15 Red ပြိုင်ပွဲ၊ 9 Ball Pool Men Single ပြိုင်ပွဲ၊ 9 Ball Pool Women Double ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။




