အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

တောင်ကြီး၊ ဖေဖော်ဝါရီ(၆)။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ရောက်ရှိနေသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးအေးလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားကွင်း/အားကစားရုံများအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံအမှာစကားပြောကြားခဲ့သည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် အားကစားကွင်းသို့ ရောက်ရှိစစ်ဆေးရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဦးခွန်ရဲထွေးက ဒေသတွင်းအားကစားဖွံ့ဖြိုးရေးအတွက် အားကစားကွင်း/အားကစားရုံများ တည်ဆောက်ထားရှိမှု၊ အားကစားပြိုင်ပွဲများ ကျင်းပနိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဘောလုံးကွင်းအမြဲစိမ်းလန်းစိုပြေရေး ဒေသရာသီဥတုနှင့်ကိုက်ညီသည့် ဘဲစားမြက်စိုက်ပျိုးရန်၊ ကွင်းရေရရှိရေးအတွက် (၆)လက်မအဝီစိတွင်း တူးဖော်၍ ဆိုလာစနစ်ဖြင့် ရေတင်နိုင်ရေးဆောင်ရွက်ရန်၊ မိမိတို့ဌာနသည် နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ် ကျန်းမာကြံ့ခိုင်သည့် လူငယ်များပြုစုပျိုးထောင်ပေးနေခြင်းဖြစ်သည့်အတွက် အားကစားကွင်း/အားကစားရုံများတွင် လူတိုင်းလေ့ကျင့်ကစားနိုင်အောင် အထောက်အကူပစ္စည်းများ ပြည့်စုံစွာ စီစဉ်ပေးရန်နှင့် လုပ်ငန်းသုံးပစ္စည်းများအား ရေရှည်အသုံးပြုနိုင်ရေးအတွက် တာဝန်ရှိသူများက ကြပ်မတ်ထိန်းသိမ်းရန်၊ ဒေသအကျိုးပြုနိုင်မည့်သူများအားရွေးချယ်၍ နည်းပြသင်တန်းများ တက်ရောက်ရေးဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး၊ ရုံးခန်းမအတွင်း၌ တာဝန်ထမ်းဆောင်နေသည့် အရာထမ်း/အမှုထမ်းများအားတွေ့ဆုံ၍ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးသို့ ရောက်ရှိရာ ဒေသဥက္ကဋ္ဌဦးခွန်ရဲထွေးက အားကစားကွင်း/အားကစားရုံအသစ် တည်ဆောက်ရန် မြေနေရာ(၃၁.၃၄)ဧက ရွေးချယ်ထားရှိမှုအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌနှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ရွေးချယ်ထားရှိသည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)သင်တန်းသားစားရိပ်သာ၌ သင်တန်းသား/သင်တန်းသူများနှင့်အတူ အထူးနေ့လည်စာအတူတကွ စားသောက်ခဲ့ပြီး ခန်းမအတွင်း၌ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ အရာထမ်း/အမှုထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)မှ ယာယီနေရပ်စွန့်ခွာ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံ၍ အမှာစကားပြောကြားကာ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)မှ ယာယီနေရပ် စွန့်ခွာမိသားစုဝင်များအတွက် အဝတ်အထည်၊ စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေတန်ဖိုး (၁၀၃၆၅၀၀ဝိ/-)၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ အရာထမ်း/အမှုထမ်းများအတွက် ထောက်ပံ့ငွေ (၁၅၀၀၀၀ဝိ/-)၊ ထောက်ပံ့ငွေစုစုပေါင်း(၁၁၈၆၅၀၀ဝိ/-) (ကျပ်တစ်ရာတစ်ဆယ့်ရှစ်သိန်း ခြောက်သောင်းငါးထောင်တိတိ)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ရှိ မီတာ(၄၀၀)ပြေးလမ်းပါဘောလုံးကွင်း၊ သင်တန်းသား/သင်တန်းသူအိပ်ဆောင်၊ လေ့ကျင့်ရေးအားကစားရုံနှင့် လေ့ကျင့်ရေးရေကူးကန် တို့အားလိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။