အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်နှင့် မြို့နယ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီလ(၇)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင် အားကစားခန်းမနှင့် ကြက်တောင်အားကစားခန်းမတို့အားလည်းကောင်း၊ မြို့မအားကစားကွင်းနှင့် အားကစားကွင်းအတွင်းရှိ ပိုက်ကျော်ခြင်း/ဘော်လီဘော အားကစားရုံ၊ လက်ဝှေ့ရုံရှိ (GYM)လေ့ကျင့်ရေးခန်းမနှင့် အ‌လေးမအားကစားရုံတို့အားလည်းကောင်း၊ တာချီလိတ်မြို့နယ်ရှိ ဘိလိယက်နှင့်စနူကာ အားကစားခန်းမတို့အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့စေရေးနှင့် စိမ်းလန်းစိုပြေမှုရှိစေရေးတို့ အတွက် သန့်ရှင်းရေးပုံမှန်ပြုလုပ်ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ အားကစားနည်းအလိုက် လေ့ကျင့်မှုများပြုလုပ်လျက်ရှိသည့် နည်းပြနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများအားလုံး ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊ နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်နှင့် နယ်မြေဒေသအခြေအနေများအရ လုံခြုံရေး အထူးဂရုစိုက်ကြရန်လိုကြောင်း၊ အသိပညာဗဟုသုတများတိုးပွားစေရန် စာအုပ်စာပေများ လေ့လာဖတ်ရှုပြီး ပညာဝမ်းစာပြည့်အောင် အစဉ်အမြဲ ကြိုးစားသွားကြရန်လိုကြောင်း၊ မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်း တာဝန်များကို ကျေပွန်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်သွားရန်၊ နည်းပြများအနေ ဖြင့်လည်း မိမိတို့၏ အရည်အသွေးများ တိုးတက်စေရန်နှင့် ပြောင်းလဲလာသည့် နည်းဥပဒေ၊ စည်းမျဉ်း/ စည်းကမ်းများကို သိရှိအောင်အမြဲမပြတ် လေ့လာမှတ်သားပြီး မိမိကဲ့သို့ ထူးချွန်သည့်အားကစားသမားကောင်းများကို မွေးထုတ်ပေးနိုင်သည့် နည်းပြကောင်းများဖြစ်အောင် ကြိုးစားသွားရန် မှာကြားခဲ့ပြီးနောက် ဝန်ထမ်းများ၏ တင်ပြချက်များ၊ အခက်အခဲများနှင့် အားကစားလေ့ကျင့်မှုများပြုလုပ်နိုင်ရန် အတွက်လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။