အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီး နွေရာသီအဆင့်မြင့်အားကစားသင်တန်းများသို့ သွားရောက်ကြည့်ရှုအားပေး၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပွဲအခမ်းအနားတက်ရောက်

ရန်ကုန်၊ မေလ(၉)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်(၇)နာရီတွင် တောင်ဥက္ကလာပဒေသာအားကစားကွင်းသို့ ရောက်ရှိလာ၍ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မိမိဝါသနာပါရာအားကစားကို လေ့လာလိုက်စားရာမှစ၍ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်လက်ရွေးစင်များ ထွက်ပေါ်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၌ ဖွင့်လှစ်လျက်ရှိသော အာကီဒို၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်၊ ဘောလုံး၊ အလေးမ၊ လက်ဝှေ့ ၊ စားပွဲတင်တင်းနစ်၊ ကရာတေး၊ ဂျူဒို၊ အေရိုးဗစ် စသည့် အဆင့်မြင့်နွေရာသီအားကစားသင်တန်းများ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားရာတွင် ကိုယ်ခံပညာရပ်အားကစားနည်းများအနေဖြင့် သူများကိုရန်ပြုဖို့ရည်ရွယ်၍ လေ့ကျင့်ခြင်းမျိုးမဟုတ်ဘဲ မိမိကိုယ်ကိုယ်မိမိ ကာကွယ်တတ်စေရန် လေ့ကျင့်သင်ကြားကြဖို့လိုအပ်ကြောင်း၊ အားကစားကိုလေ့လာလိုက်စားသလို ပညာတတ် ဖြစ်အောင်လည်းကြိုးစားဖို့လိုအပ်ကြောင်း၊အားကစားထူးချွန်သူချင်းယှဉ်လျှင် ပညာအရည်အချင်းရှိသူက အမှား/အမှန် ၊ အားနည်းချက်၊ အားသာချက် ဝေဖန်သုံးသပ်မှုတွင် ပိုမိုကောင်းမွန်၍ အောင်မြင်မှုရရှိနိုင် ပါကြောင်း၊ အားကစားလေ့လာလိုက်စားသူများအနေဖြင့် အချိန်ကို ပိုင်းဖြတ်ခွဲခြားသုံးသပ်ရန်လိုအပ်ပြီး လေ့ကျင့်တတ်လျှင် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ရွှင်သည့်အတွက် ဘဝမှာအောင်မြင်မှုရရှိမှာ ဖြစ်သည့်အပြင် မိတ်ဆွေသစ်များတိုးပွား၍ ပေါင်းသင်းဆက်ဆံရေးနယ်ပယ် ပိုမိုကျယ်ပြန့်ပြီး အမှားအမှန် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ပါကြောင်း၊ မည်သည့်ကိစ္စမဆို မာန်မာန (Proud) ထား၍ လုပ်ဆောင်လျှင်ပျက်စီးတတ်ပြီး မိမိလုပ်သည့်အလုပ်ကိုဂုဏ်ယူ၍ (Pride) ရှိစွာလုပ်ကိုင်တတ်ဖို့ လိုအပ် ပါကြောင်း၊ အစကောင်းမှအနှောင်းသေချာ ဆိုသည့်အတိုင်း အခြေခံကစ၍ စနစ်တကျသေချာလေ့ကျင့် သွားရန်လိုအပ်ကြောင်းနှင့် သက်ဆိုင်ရာအားကစားနည်းအလိုက် နည်းပြများအနေဖြင့်လည်း မိမိထံရောက်ရှိလာသော မီးခဲပြာဖုံးအရိုင်းတုံးကစားသမားလေးများအား အားကစားထူးချွန်ရုံသာမက အားကစားသမားစိတ်ဓာတ်အပြည့်ရှိအောင် မိမိကိုယ်တိုင် စံနမူနာပြ နေထိုင်လေ့ကျင့်ပေးရန်လိုအပ်ပါကြောင်း၊ ကစားကွင်းသို့ လိုက်ပါပို့ဆောင်ပေးသော မိဘများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အားကစားကိစ္စရပ်များသာမက နိုင်ငံတော်ရဲ့အနာဂတ်တာဝန်များကို ပုခုံးပြောင်းတာဝန်ယူကြမည့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြသော လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကိုလည်း ထိထိရောက်ရောက် တာဝန်ယူဆောင်ရွက်ပေးနေရသည့်အတွက် ယခုလို စိတ်ပါဝင်စားစွာအချိန်ပေးလေ့ကျင့်နေသည်ကို တွေ့ရှိရသည့်အခါ များစွာဝမ်းမြောက်မိပါကြောင်း အားပေးစကားပြောကြားခဲ့ပြီးနောက် သက်ဆိုင်ရာ အားကစားနည်းအလိုက် နည်းပြများ၏တင်ပြချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အားကစားကွင်း/ အားကစားရုံ သန့်ရှင်းသာယာလှပရေးနှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့မှ ရန်ကုန်တိုင်းဒေသကြီး နွေရာသီ အဆင့်မြင့်အားကစားသင်တန်းသို့ တက်ရောက်နေသည့် အားကစားနည်းအလိုက်သင်တန်းသား / သင်တန်းသူများအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၂၀၄၀၀၀၀/- အား ပံ့ပိုးပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးသည်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လိုက်ပါလျက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံဝင်းအတွင်းရှိ ပြည်ထောင်စုခန်းမသို့ ရောက်ရှိလာပြီး အားကစားနှင့်ကာယပညာဦးစီးဌာန (ရန်ကုန်) ဝန်ထမ်းများတွေ့ဆုံပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအားလုံး မိမိတို့ကျရာကဏ္ဍအလိုက် တတ်စွမ်းသမျှ ကြိုးစားအားထုတ်လုပ်ဆောင်နေသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ကျေရုံမျှ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ စိတ်ရောကိုယ်ပါနှစ်၍ နိုင်ငံ့တာဝန်များကို ကဏ္ဍအလိုက် စွမ်းအား ရှိသလောက် ထမ်းဆောင်ကြရမှာဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် အားကစားနှင့်ပတ်သက်သည့် တာဝန်သာမက အားကစားနှင့်လူငယ်ဆက်စပ်မှုအပိုင်းဖြစ်သည့် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံအောင် ပြုစုပျိုးထောင်ရသည့်လုပ်ငန်းများလည်း ဆောင်ရွက်နေရသည့်အတွက် အပြန်အလှန် အကျိုးပြုဆက်စပ်နေပါကြောင်း၊ အုပ်ချုပ်မှုအပိုင်းကို တာဝန်ယူရသူရှိသလို လေ့ကျင့်မှုအပိုင်းကို တာဝန်ယူရသူလည်းရှိပြီး ဝန်ကြီးဌာန၏ဂုဏ်ကို မြှင့်တင်၍ အောင်မြင်အောင်ဆောင်ရွက်ဖို့ဆိုလျှင် ဝန်ထမ်းအားလုံး စည်းလုံးညီညွတ်ဖို့လိုအပ်ပြီး မည်သည့်ကိစ္စမဆို အသေးအဖွဲဆိုတာမရှိဟု ခံယူ၍ စေတနာအပြည့်နှင့် လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း၊ ဝန်ထမ်းတိုင်း သူ့အဆင့်နှင့်သူ တန်ဖိုးကိုယ်စီ ရှိကြပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ရိုသေလေးစားဖို့လိုအပ်ကြောင်း၊ အကြီးအကဲများကလည်း ကျင့်ဝတ်နှင့်အညီ ပြောဆိုဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဝန်ထမ်းအားလုံး တစ်ဦးချင်း ကိုယ်ပိုင်အရည်အချင်းရှိရန်လိုအပ်ပြီး အမြဲပြောင်းလဲတိုးတက်နေသော နည်းစနစ်၊ နည်းဥပဒေနှင့်ဘာသာ စကားများကိုလည်း စဉ်ဆက်မပြတ် လေ့လာဆည်းပူးရန်လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ အခက်အခဲရှိလျှင် အချိန်မရွေးတင်ပြရန်လိုအပ်ပြီး အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း၊ ဝန်ထမ်းအားလုံး ကျန်းမာကြံ့ခိုင်မှုရှိစေရန် ရုံးဆင်းချိန်နာရီဝက်အလိုတွင် ဌာနခွဲအလိုက် Fitness Dance လေ့ကျင့်ခန်းများ ဆောင်ရွက်စေလိုကြောင်းပြောကြား၍ ဌာနစိတ်အလိုက် တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးနောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)စားရိပ်သာတွင် ဝန်ထမ်းများနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေ့လယ်(၁)နာရီတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ ပညာရေးတက္ကသိုလ်၌ ကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတူတက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြား ရာတွင် နောင်တစ်ချိန်မှာ နိုင်ငံ့တာဝန်ကို လွှဲပြောင်းတာဝန်ယူကြမယ့် လူငယ်များရဲ့ တန်ဖိုးမဖြတ်နိုင် တဲ့ ဂုဏ်အင်္ဂါရပ်တွေမှာ လျှင်မြန်ခြင်း၊ ခွန်အားရှိခြင်း၊ ရဲရင့်ခြင်း၊ ဖန်တီးစွမ်းဆောင်နိုင်ခြင်း၊ အမှန်တရား ကိုမြတ်နိုးတန်းဖိုးထား၍ ရိုးဖြောင့်ပြီး အများအကျိုးကို ဆောင်ရွက်လိုစိတ်ရှိခြင်းများ ပါဝင်နေတာ ဖြစ်သည့်အတွက် တာဝန်ရှိလူကြီးများအနေဖြင့် လူငယ်များရဲ့ စွမ်းဆောင်နိုင်မှုအပေါ် အသိအမှတ်ပြုပြီး လက်တွဲခေါ်ဆောင် ပြုစုပျိုးထောင် လမ်းညွှန်ပြသပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်(၃)ရပ်အနက် ချမှတ်ထားသောပထမအချက်နှင့်အညီ တိုင်းပြည် တစ်ပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် အခြေခံအနေဖြင့် ပညာတတ်များ ပေါကြွယ်ဝဖို့ လိုအပ်တဲ့အတွက် နိုင်ငံတော်အနေနဲ့ လူသားအရင်းအမြစ်များဖြစ်တဲ့ အသိပညာရှင် ၊ အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင် ရန် အခြေခံပညာအထက်တန်းကျောင်းတွေ၌ ဝိဇ္ဇာ/ သိပ္ပံဘာသာရပ်တွေအပြင် စိုက်ပျိုးမွေးမြူရေး၊ စက်မှုပညာရပ်များကို အခြေခံပညာဒီပလိုမာသင်တန်းများမှတစ်ဆင့် အဆင့်မြင့်ပညာရပ်များသို့ အဆင့်ဆင့်တက်ရောက်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူမှုရေးဦးတည်ချက်(၃)ရပ် အနက် ဒုတိယအချက်တွင်လည်း နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များ အနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဟု ချမှတ်ထားရှိပြီး လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးအောင်ဆောင်ရွက်ရာတွင် စာသင်ကျောင်းများက စတင်ရမှာဖြစ်တဲ့အတွက် ဆရာ/ဆရာမများရဲ့သွန်သင်ဆုံးမမှုက အရေးပါပြီး အနာဂတ် နယ်ပယ် အသီးသီးမှာ ဦးဆောင်ဦးရွက်ပြုမည့် လူငယ်များရဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်မြင့်မား၍ စွမ်းဆောင်ရည်ပြည့်ဝစေရန်၊ တာဝန်သိမှု၊တာဝန်ယူမှု၊ တာဝန်ခံမှုရှိသူများ ဖြစ်လာစေရန် အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်ရေးရာမူဝါဒကို ၂၀၁၇ခုနှစ်တွင် ရေးဆွဲပြဌာန်းခဲ့ပြီး ယင်းမူဝါဒနှင့်အညီ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်မည့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကဏ္ဍ(၁၆)ရပ်ကို ဆက်စပ်ဝန်ကြီးဌာနများ ၊နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားခဲ့ပါသည်။

ထိုနောက် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကိုတည်ဆောက်ရာမှာ ထူးချွန်ထက်မြက်တဲ့ အသိပညာရှင်၊အတတ်ပညာရှင်တွေ အများကြီးလိုအပ်မှာဖြစ်တဲ့အတွက် ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီမြင့်မားလာအောင် ဆောင်ရွက်ပေးသွားမှာဖြစ်သလို လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားပေးဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ လူငယ်များ အနေဖြင့် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် ငြိမ်းချမ်းရေးလိုလားတဲ့စိတ်ဓာတ်တွေနဲ့ ပြည့်ဝသူများဖြစ်အောင် ကြိုးစားနေထိုင်ကြပြီး တိုင်းပြည်အနာဂတ်ကို ဦးဆောင်နိုင်တဲ့သူများဖြစ်အောင် ကြိုးစားသင်ယူကြပါဟု တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစီအစဉ်အရ စာရေးဆရာဦးကျော်ကျော်လှိုင်က လူငယ်ဘဝတိုးတက်မြှင့်တင်ရေး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တို့မှ ရန်ကုန်ပညာရေးတက္ကသိုလ် ၊ ရန်ကုန်တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်၊ အနောက်ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်များထံသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တက္ကသိုလ်တစ်ခုလျှင် ငွေကျပ် ၂၅၁၀၀၀၀/- နှုန်းဖြင့် တက္ကသိုလ်(၆)ခုအတွက် ငွေကျပ် ၁၅၀၆၀၀၀၀/- တန်ဖိုးရှိ အားကစားပစ္စည်းများအား ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီး မှ ပါမောက္ခချုပ်များက လက်ခံရယူခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဌ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က စာရေးဆရာဦးကျော်ကျော်လှိုင်အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများတို့သည် ခင်းကျင်း ပြသထားသောပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

ဆက်လက်၍ ဉာဏ်စမ်းပဟေဠိပွဲတွင် အဖြေမှန်သည့် ကျောင်းသား/ကျောင်းသူများအား ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ ပညာရေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့က အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။