အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်သို့သွားရောက်

ရန်ကုန်၊ဖေဖော်ဝါရီလ(၁၈)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ လိုက်ပါ၍ ယနေ့နံနက်(၈)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းရှိ Multipurpose Stadium သို့ ရောက်ရှိလာရာ ဒဂုံမြို့သစ်တောင်ပိုင်း ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများက ကြိုဆိုကြပြီး အားကစားရုံအတွင်း လိုက်လံကြည့်ရှုစစ်ဆေးရာ လေ့ကျင့်နေသော ဖူဆယ်အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နိုင်ငံတော်အနေဖြင့် အားကစားကို ဝါသနာပါသော ပြည်သူများ လေ့ကျင့်လိုက်စားစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများထွက်ပေါ်စေရေးအတွက် ဘက်ဂျက်သန်းပေါင်းများစွာ အကုန်ကျခံ တည်ဆောက်ပေးထားခြင်းဖြစ်သည့်အတွက် အခမဲ့ကစားခွင့်ပြုရန် ဖြစ်ပြီး အားကစားသမားများကလည်း စည်းကမ်းစနစ်ကျနစွာ ကစားပေးရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာအားကစားတာဝန်ခံများအနေဖြင့်လည်း လိုအပ်သည့်အားကစားအသုံးအဆောင်ပစ္စည်း များကို ထုတ်ပေးရန်နှင့် လိုအပ်ပါက ဌာနသို့ တင်ပြတောင်းခံနိုင်ကြောင်း၊ အားကစားရုံသန့်ရှင်းလှပ စေရေးနှင့် ရေရှည်တည်တံ့ ကြံ့ခိုင်စေရေးအတွက် အမှိုက်ပုံးများမှအစ တာဝန်ရှိသူများက စနစ်တကျ စီမံဆောင်ရွက်ပေးရန်လိုသလို အားကစားသမားများကလည်း စည်းကမ်းတကျလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲအသွင်ယှဉ်ပြိုင်ကစားသည့်အခါတွင်လည်း အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီသော ဒိုင်လူကြီးများဖြင့် စနစ်တကျဆောင်ရွက်စေလိုကြောင်း၊ အားကစားရုံတွင် လျှပ်စစ် မီးနှင့် အသံစနစ် အဆင်ပြေစေရေးကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ်တောင်ပိုင်း ဘောလုံးကွင်းသို့ ရောက်ရှိ၍လေ့ကျင့်နေသော အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အားကစားကွင်းတွင် အားကစားသမားများ လေ့ကျင့်နေမှုကို မြင်တွေ့ရသည့်အတွက် ဝမ်းသာကြည်နူးမိပါကြောင်းနှင့် ကြိုးစားလေ့ကျင့်ကြရန် မှာကြားပြီးနောက် တာဝန်ရှိသူများအား မြက်ခင်းပြင် စိမ်းလန်းညီညာစေရေးအပြင် ပြေးခုန်ပစ်ဝါသနာပါသူများ လေ့ကျင့်နိုင်ရန်အတွက် ပြေးလမ်းများ ရသလောက်ဖော်ဆောင်နိုင်ရေးကိစ္စရပ်များ၊ ဂိုးတိုင်များတွင် ဂိုးပိုက်များ စနစ်တကျ တတ်ဆင်ပေးရေး၊ အားကစားသမားအရံထိုင်ခုံများတွင် အမိုးများ တပ်ဆင်ပေးရေး၊ မြေကွက်လပ်များတွင် ကျွမ်းကျင်သူများနှင့်ညှိနှိုင်း၍ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် သီးနှံစားပင်များ စိုက်ပျိုးရေးများ ကိုဆောင်ရွက်စေလိုကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘောလုံးကွင်းအတွင်းရှိ တိုက်ကွမ်ဒိုလေ့ကျင့်ရုံသို့ သွားရောက်၍ လေ့ကျင့်နေသော အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နောင်တစ်ချိန်တွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည်အထိ ကြိုးစားလေ့ကျင့်ကြရန် အားပေးစကားပြောကြားပြီးနောက် အားကစားရုံအမိုးပြင်ဆင်၍ အခန်းကျယ်(Hall Type) ပုံစံပြုပြင်ပေးရေးကိစ္စရပ်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားရုံသို့ ရောက်ရှိ၍ အာကီဒိုအားကစားလေ့ကျင့်နေသော နည်းပြနှင့်ကစားသမားများအား တွေ့ဆုံ၍ မိမိဝါသနာပါသောအားကစားနည်းတိုးတက်အောင် ကြိုးစားဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များရှိပါကလည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး နောက် တည်ဆောက်ဆဲ လက်ဝှေ့အားကစားရုံအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ပေးရန်နှင့် အားကစားနည်း၏ သဘောသဘာဝအရ ကြမ်းခင်းအား သတ်မှတ်စံနှုန်း အတိုင်းဆောင်ရွက်ပေးရန် အထူးအလေးထားမှာကြားလိုကြောင်း၊ နောင်တွင် ခန်းမအတွင်း လေဝင်လေထွက်ကောင်းစေရန်အတွက် Rotary Ventilator များဆောင်ရွက်ထားရှိဖို့လိုကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ စခန်းသွင်းလေ့ကျင့်နေသာ နည်းပြများ၊ အုပ်ချုပ်သူများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားပြောကြားရာတွင် အားကစားကို လေ့ကျင့်ရာ၌ ကျန်းမာရေးသည် အဓိကကျသည့်အတွက် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်တတ်ရန် လိုအပ်ပါကြောင်း၊ ကနူးကယက်အားကစား နည်းအတွက် နိုင်ငံခြားနည်းပြ ငှားရမ်ထားပါကြောင်း၊ နိုင်ငံတော်က နည်းပြစရိတ်ကျခံမှုအပြင် ဥက္ကဌမှလည်း တည်းခိုနေထိုင်စားသောက်ရေးကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါကနူးကယက်အားကစားနည်းနှင့်ကိုက်ညီသော အားကစားသမားများအား ရွေးချယ်လေ့ကျင့်သွားမှာဖြစ်သည့်အတွက် နည်းပြများအနေဖြင့်လည်း ကစားသမား၏ ဆန္ဒနှင့်ဗီဇ မပါဘဲ အဓမ္မပြောင်းရွှေ့လေ့ကျင့်စေခြင်းမျိုး မပြုလုပ်စေလိုကြောင်း ၊ အဖွဲ့ချုပ် ဥက္ကဌ၊ တာဝန်ရှိသူများနှင့် နည်းပြများပေါင်းစပ်ဆွေးနွေး၍ အားကစားသမားများအား သေချာရှင်းလင်း ဆွေးနွေးပြီးမှသာလျှင် ပြောင်းလဲလေ့ကျင့်ပေးစေလိုကြောင်း၊ အားကစားသမားများအနေဖြင့် အားကစားလုပ်ဆောင်ရာတွင် စိတ်နှင့်လုပ်ငန်း တစ်ထပ်တည်းကျမှသာလျှင် အောင်မြင်မှု ရရှိမှာဖြစ်ပါကြောင်း၊ ယခုလိုနိုင်ငံတော်မှ အားကစားအား အားပေးချီးမြှောက် နေသည့်အချိန်တွင် နိုင်ငံတော်လည်းအကျိုးရှိ လူမျိုးဂုဏ်သိက္ခာလည်းမြင့်တက်၍ မိမိအတွက်လည်း ထိုက်သင့်သော ချီးမြှင့်မှုများ ရရှိသည့်အတွက် အစွမ်းကုန်ကြိုးစားလေ့ကျင့်စေလိုကြောင်း၊ လိုအပ်သည့် အခက်အခဲများရှိလျှင် အဆင့်ဆင့်တင်ပြပြီး အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လူငယ်များသည် နိုင်ငံတော်အတွက် အဖိုးမဖြတ်နိုင်သော နိုင်ငံ့အရင်းအမြစ်များဖြစ်သည့်အတွက် မိမိနိုင်ငံ မိမိလူမျိုးကို တန်ဖိုးထားချစ်မြတ်နိုး၍ ယှဉ်ပြိုင်သော ပြိုင်ပွဲတိုင်းမှာ အားသွန်ခွန်စိုက် ကြိုးစားယှဉ်ပြိုင်စေလိုကြောင်း အားပေးစကားပြောကြားပြီး အားကစားသမားများနှင့် နည်းပြများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တင်းနစ်အားကစားကွင်းသို့ ရောက်ရှိလာရာ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူတို့က ကြိုဆိုနှုတ်ဆက်ကြပြီး ပြည်ထောင်စုဘက်ဂျက်ဖြင့် တည်ဆောက်ထားသော မိုးလုံလေလုံတင်းနစ်လေ့ကျင့်ရေးခန်းမအတွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ယခုလို မိမိတို့ ဝါသနာပါသောအားကစားနည်းတိုးတက်ရေးအတွက် အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးမှုကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပြန်လည်ဖွဲ့စည်း ထားသောအဖွဲ့ချုပ်တွင် ဝါသနာပါသူများ၊ စိတ်ဝင်စားသူများ စုပေါင်းဖွဲ့စည်းထားသည့်အတွက် တိုးတက်မှုများကိုမြင်တွေ့ရပြီး ဆက်လက်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာလျှင် တိုးတက်သည် ထက်တိုးတက်လာမှာအမှန်ပင်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့်လည်း လိုအပ်သည်များကို တတ်အားသရွေ့ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ ရောက်ရှိ၍ အမျိုးသမီးလေးထပ်အိပ်ဆောင်နှင့် အမျိုးသားလေးထပ်အိပ်ဆောင်များသို့ လှည့်လည် ကြည့်ရှုစစ်ဆေး၍ အိပ်ဆောင်ခြံစည်းရိုးများအား လာမည့် ဘက်ဂျက်အတွင်း အပြီးဆောင်ရွက်သွားရန် မှာကြားခဲ့ပြီးနောက် သင်တန်းသား/သင်တန်းသူများ၏ နေ့လယ်စာစားသုံးမှုအား ကြည့်ရှု၍ စားရိပ်သာအတွက် လိုအပ်သည့်ဆန်များ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး သင်တန်းသား/သင်တန်းသူများနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့ကြောင်း သိရှိရသည်။