အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချူပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မတ်(၁၁)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချူပ်ဥက္ကဋ္ဌ ဦးသစ္စာ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများအား တွေ့ဆုံအမှာစကားပြောကြားသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)ရှိ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝူရှူး အားကစားနည်း ပြန်လည်ဦးမော့လာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရေးအတွက် ယခုလို ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲအား ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ မျိုးဆက်သစ်အားကစားသမားနည်းပါးလာခြင်းကြောင့် ဝူရှူးအားကစားအဆင့်အတန်းသည် ယခင်ကထက် တဖြည်းဖြည်း ကျဆင်းလာသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ယခုပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသက်(၈)နှစ်အရွယ် လူငယ်မျိုးဆက်သစ်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်လာသည်ကို မြင်တွေ့ ရသည့်အတွက် အားရဝမ်းသာမိပါကြောင်း၊ ၎င်းအားကစားသမားများအား ငယ်ရွယ်စဉ်ကတည်းကပင် အခြေခံကိုနားလည်၍ စနစ်တကျလေ့ကျင့်သင်ကြားပေးခြင်းဖြင့် တရားမျှတစွာ ယှဉ်ပြိုင်ချင်စိတ်များနှင့် ကြိုးစားချင်စိတ်များကြောင့် နောင်တချိန်တွင် လက်ရွေးစင်အားကစားသမားကောင်းတစ်ဦး ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ အဖွဲ့အစည်းတစ်ခုတွင် အားလုံးစည်းလုံးညီညွတ်မှုရှိမှသာ အောင်မြင်မှုရရှိနိုင်မည် ဖြစ်၍ ဝူရှူးအားကစားနည်း ပြန်လည်ဦးမော့လာစေရေးအတွက် အားလုံးတွင်တာဝန်ရှိကြောင်းနှင့် အားလုံးပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများအနေဖြင့် မျိုးဆက်သစ်အားကစားသမားများအား ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့် အခြေခံနည်းစနစ်များကို ယခုကတည်းက အလေ့အကျင့်ဖြစ်အောင် စနစ်တကျ ဆက်လက်လေ့ကျင့် သင်ကြားပေးသွားရန်လိုကြောင်း၊ ဒိုင်လူကြီးများအနေဖြင့် အားကစားသမားများက လေးစားမှုရှိသည့် တရားမျှတပြီး ဘက်လိုက်မှုကင်းသည့် ဒိုင်လူကြီးကောင်းများဖြစ်အောင် ပြုမူပြောဆိုနေထိုင်သွားရန်နှင့် ပြိုင်ပွဲများတွင် မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝူရှူးအားကစားနည်းဖြင့် နိုင်ငံတော်အတွက် အောင်မြင်မှု ဆုတံဆိပ်များစွာ ဆွတ်ခူးရယူပေးနိုင်ရန်အတွက် မိသားစုစိတ်ဓာတ် ထားရှိပြီး စည်းလုံးညီညွတ်စွာဖြင့် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။