အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပီတန်း၊ ဂျူဒိုနှင့် မြားပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး

နေပြည်တော်၊ မတ်လ(၁)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ပီတန်းအားကစားလေ့ကျင့်ရေးကွင်း၌ ပီတန်းအားကစားသမားများ၏ လေ့ကျင့်‌နေမှုများအားလည်းကောင်း၊ Cluster-3 ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ မြားပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများအနေဖြင့် တစ်ဦးချင်းပြိုင်ပွဲများတွင်ဆုတံဆိပ်များရရှိရုံသာမက အသင်းလိုက် ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲအမျိုးအစားများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ဆုတံဆိပ်များရရှိစေရန် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားရန်လိုကြောင်း၊ ယခုကတည်းက လေ့ကျင့်ချိန်၊ စားသောက်ချိန်၊ အိပ်စက်အနားယူချိန်များကို ညီညွတ်မျှတအောင် အထူးဂရုစိုက်ရန်လိုကြောင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိဖို့လိုကြောင်း၊ အားကစားသမားအချင်းချင်း ညီအစ်ကို၊ မောင်နှမစိတ်ဓာတ်ထားရှိပြီး စည်းလုံးညီညွတ်မှု ရှိရန်လိုကြောင်း၊ နည်းပြများ၏ စနစ်တကျသင်ကြားပြသလေ့ကျင့်ပေးမှုအတိုင်း လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း၊ ခန္ဓာကိုယ်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှသာ မိမိတို့၏ အရည်အသွေး၊ အရည်အချင်းများကို ထုတ်ဖော်ပြသနိုင်မည်ဖြစ်၍ ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊ နေထိုင်စားသောက်မှုများနှင့် လေ့ကျင့်မှုများအတွက် လိုအပ်သည့်အထောက်အကူပြုပစ္စည်းများကို အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် စံချိန်/ စံညွှန်းများ တိုးတက်ကောင်းမွန်စေရန် မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့ကျင့်သွားရန်နှင့် ပြိုင်ပွဲအတွေ့အကြုံများရရှိစေရေးအတွက် နိုင်ငံတကာအားကစားပြိုင်ပွဲများကိုလည်း စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်ချက်များနှင့်အခက်အခဲများရှိပါက တာဝန်ရှိသူများမှတဆင့် သတင်းပို့တင်ပြသွားရန်၊ နည်းပြများအနေဖြင့် စံချိန်/စံညွှန်းများ တိုးတက်ကောင်းမွန်ပြီး ဆုတံဆိပ်များရရှိစေရေး အတွက် ကြပ်မတ်၍ စနစ်တကျလေ့ကျင့်သင်ကြားပေးသွားရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘိလိယက်နှင့်စနူကာအားကစားရုံတွင် ကျင်းပလျက်ရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားအား တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။