အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များသို့ ပံ့ပိုးလှူဒါန်းပွဲတက်ရောက်ပြီး ရန်ကုန်မြို့ရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ စက်တင်ဘာ(၁၃)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)(သုဝဏ္ဏ)တွင် ယနေ့နံနက်ပိုင်းက ကျင်းပသော မြန်မာ-တရုတ်နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms Ma Jia နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

အခမ်းအနားအစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms Ma Jia က တရုတ်-မြန်မာနှစ်နိုင်ငံ ကူးလူးဆက်ဆံရေးတွင် အားကစားကဏ္ဍသည် အရေးပါကြောင်း၊ မြန်မာနိုင်ငံအားကစားကဏ္ဍတိုးတက်လာရေးအတွက် အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)(သုဝဏ္ဏ)ကို ပြုပြင်မွမ်းမံပေးခြင်းနှင့် ယခု အားကစားအဖွဲ့ချုပ်(၄)ခု အား လှူဒါန်းခြင်းသည် အားကစားသမားများ၏ လေ့ကျင့်ရေးနှင့် အင်အားပြည့်ဝစေရေးအတွက် ပံ့ပိုးကူညီခြင်းဖြစ်ကြောင်း၊ ပြည်သူတစ်ရပ်လုံး အားကစားလုပ်ပြီး ကျန်းမာကြံ့ခိုင်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပံ့ပိုးလှူဒါန်းရခြင်းကို ရှင်းလင်းပြောကြားသွားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် နယ်နိမိတ်ချင်းဆက်စပ်နေကြသည့်အိမ်နီးချင်း ဆွေမျိုးပေါက်ဖော်နိုင်ငံများဖြစ်ကြောင်း၊ ရှေးယခင်နှစ်ပေါင်းများစွာကတည်းက ချစ်ကြည်ရင်းနှီးစွာနေထိုင်ခဲ့ကြပြီး နိုင်ငံတကာရေးရာကိစ္စများတွင် အပြန်အလှန်ရပ်တည်ခဲ့ကြသည့် မိတ်ဆွေနိုင်ငံများဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိနေသည်ကိုတွေ့ရသဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊မြန်မာနိုင်ငံ၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားလေ့ကျင့်ရေးပစ္စည်း ထောက်ပံ့ပေးမှုများ၊ မြန်မာအားကစားအဖွဲ့များအတွက် နည်းပြစေလွှတ်ပေးခြင်း၊ မြန်မာအားကစားသမားများကို တရုတ် နိုင်ငံသို့ခေါ်ယူ၍ပူးတွဲလေ့ကျင့်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သည့်အပြင် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ/ပိတ်ပွဲကြီး အဆင့်အတန်းမီ အောင်မြင်ခမ်းနားစွာ ကျင်းပနိုင်ရေးနှင့် ပြိုင်ပွဲကျင်းပရေးကိစ္စများတွင် တရုတ်နိုင်ငံကကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ခြင်းများအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ရန်ကုန်မြို့ရှိ သမိုင်းဝင်အောင်ဆန်း အားကစား ပြိုင်ကွင်းကြီးကို နိုင်ငံတကာအဆင့်မီ အသစ်တည်ဆောက်နိုင်ရေးနှင့် ယခုနှစ်ဒီဇင်ဘာလ အတွင်းကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အတွက် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးရန်လည်း ပြောကြားလိုကြောင်း၊ မြန်မာ-တရုတ်အားကစားကဏ္ဍတွင် ဆက်လက်၍ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဝူရှူး အဖွဲ့ချုပ်တို့သို့ တရုတ်ယွမ်ငွေ(၅၀၀၀၀)နှင့်ညီမျှသော အမေရိကန်ဒေါ်လာ (၇၀၃၀)စီကို ပေးအပ်လှူဒါန်းရာ လှေလှော်၊ ပိုက်ကျော်ခြင်း၊ ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌတို့ကလက်ခံရယူကြပြီး မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာက အဖွဲ့ချုပ်များ ကိုယ်စား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ အဖွဲ့ချုပ်များကိုယ်စား မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌက ပံ့ပိုးလှူဒါန်းမှုများအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့သည်။

ယင်းနောက် မျိုးဆက်သစ်လူငယ်ဝူရှူးအားကစားသမားများနှင့် ခြင်းလုံး အားကစားမယ်တစ်ဦးတို့က ဝူရှူးအားကစားနည်းနှင့် မြန်မာ့ရိုးရာခြင်းလုံးသရုပ်ပြသကြပြီး အခမ်းအနား ကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးဌေးအောင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျှက် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရေကူးကန်တွင် ပရိတ်သတ်(၄၀၀)ဆန့် RC နှစ်ထပ်ပွဲကြည့်စင်တည်ဆောက်နေမှုနှင့် ရေကူးကန်ထိန်းသိမ်း အသုံးပြုနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပွဲကြည့်စင်ကို သတ်မှတ်စံချိန်စံညွှန်း နှင့်အညီ ဘတ်ဂျက်ကာလအတွင်းပြီးစီးအောင်တည်ဆောက်ရေး၊ ရေကူးကန်ရေ အမြဲသန့်စင် နေအောင်ထိန်းသိမ်းပြီး ရေကူးအားကစားသမားများ စိတ်ချမ်းမြေ့စွာကစားနိုင်အောင် ဆောင်ရွက်ရေးမှာကြားကာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းသို့ရောက်ရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့်တည်ဆောက်လျှက်ရှိသော တိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာန RC နှစ်ထပ်ရုံးသစ်တည်ဆောက်ရေးလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းကောင်းမွန်အောင်တည်ဆောက်ရေးနှင့် ဘောလုံးကွင်းမြက်ခင်းပြုပြင်ရေး အတွက် လိုအပ်သည်များမှာကြားကာ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။