အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဂျူဒိုအားကစားသမားများနှင့် ဘော်လီဘောအားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး

နေပြည်တော်၊ နိုဝင်ဘာ(၃၀)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၊ Cluster(3) ရှိ ဂျူဒိုအားကစားလေ့ကျင့်ရေးခန်းမ၌ ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အားကစား သမားများအားလုံး စည်းကမ်းတကျလေ့ကျင့်၍ စိတ်ဓာတ်ပိုင်းနှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဂျူဒိုအားကစားနည်းမှ ရွှေတံဆိပ်ဆုများ ရယူပေးနိုင်ရေးနှင့် အတွေ့အကြုံကောင်းများ ရရှိစေရေးအတွက် နိုင်ငံတကာအားကစားပြိုင်ပွဲများအား စေလွှတ်ယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း၊ အောင်မြင်မှုဆုတံဆိပ်များ ရရှိစေရေးအတွက် ယခုကတည်းက စနစ်တကျ ကြိုးစားလေ့ကျင့်သွားကြရန်နှင့် မိမိပြိုင်ဘက် အားကစားသမား၏ အားနည်းချက်/ အားသာချက်များကို လေ့လာသုံးသပ်ပြီး အနိုင်ရရှိအောင် ကြိုးစားလေ့ကျင့်ယှဉ်ပြိုင်နိုင်မှသာ အောင်မြင်မှုဆုတံဆိပ်များရရှိနိုင်မည်ဖြစ်ကြောင်း၊ နေထိုင်၊ စားသောက်၊ လေ့ကျင့်မှုများနှင့် ပတ်သက်ပြီး အခက်အခဲများရှိပါက တာဝန်ရှိသူများမှတဆင့် သတင်းပို့တင်ပြပေးသွားရန်နှင့် အားက စားသမားများ၏ လိုအပ်ချက်များအား ဖြည့် ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအားလုံး စည်းလုံးညီညွတ်မှုရှိမှသာ အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် GYM လေ့ကျင့်ရေးခန်းမ၌ ဘော်လီဘော အားကစားသမားများ၏ GYM လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားများအားလုံး လေ့ကျင့်ချိန်မလျှော့ဘဲ နည်းပြများ ရေးဆွဲထားသည့် Training Programme အတိုင်း စနစ်တကျ မှန်မှန်ကန်ကန် ကြိုးစားလေ့ကျင့်သွားကြရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၄)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အားကစားသမားများ တည်းခိုနေထိုင်စားသောက်မှုများ အဆင်ပြေချောမွေ့စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့လက်ရွေးစင်အားကစားသမားများအား ချက်ပြုတ်ပြင်ဆင်ကျွေးမွေးလျက်ရှိသည့် Cluster-9 ရှိ စားရိပ်သာအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။