အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အားကစားကွင်း/ရုံများနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးခြင်း

ရန်ကုန် ၊စက်တင်ဘာလ (၁၂ )ရက် ။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ လိုက်ပါလျှက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ ရောက်ရှိပြီး Synthetic ပြေးလမ်းပါဘောလုံးကွင်းနှင့် ဝူရှူးအားကစားလေ့ကျင့်ရေးရုံကြမ်းခင်းပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်းမြက်ခင်း အမြဲတမ်းကောင်းမွန်စေရေးအတွက် ထိန်းသိမ်းသွားရန်၊ ဝူရှူးအားကစားရုံ ကြမ်းခင်းတွင် အသုံးပြုမည့်သစ်များ အမျိုးအစားမှန်ကန်ရန်နှင့် သတ်မှတ်ပုံစံအတိုင်းဖြစ်အောင်ခင်းရန် ၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဘဏ္ဍာရေးနှစ်မကုန်မီ ပြီးစီးအောင်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ဝူရှူးအားကစားရုံ ကြမ်းခင်းများမှာ နှစ်ကာလ ကြာမြင့်မှုကြောင့် ပျက်စီးလျက်ရှိ၍ (၂၀၂၄-၂၀၂၅) ခွင့်ပြုရန်ပုံငွေကျပ် (၄၀၁)သန်းဖြင့် နှစ်ထပ် ပျဉ်းကတိုး လျှာထိုးကြမ်းခင်းအဖြစ် ပြုပြင်သွားမည်ဖြစ်ပြီး ပြုပြင်ပြီးစီးပါက ဝူရှူးဆန်းဆိုနှင့် ဝူရှူး ထောက်လု အားကစားနည်းနှစ်မျိုးလုံးမှ သင်တန်းသား၊ သင်တန်းသူများကို လေ့ကျင့်ပေးနိုင်မည် ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ B.Sc (Sports) သင်တန်းသား/သင်တန်းသူအိပ်ဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးကာ တက္ကသိုလ်ကျောင်းသားအဆင့်နှင့် အညီဖြစ်စေရေးအတွက် လိုအပ်သည်များကို ပြုပြင်ပေးနိုင်ရေးမှာကြားပြီး ကျောင်းသား/ကျောင်းသူများကို တွေ့ဆုံနှုတ်ဆက်၍ အားကစားကဏ္ဍတိုးတက်လာစေရေးအတွက် အားထားရမည့် အားကစားပညာရှင်များဖြစ်အောင် ကြိုးစားကြရန် ၊ တတ်မြောက်ထားသည့်ပညာဖြင့် အားကစားတိုးတက်မြင့်မားရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနသည် အားကစားသိပ္ပံပညာနားလည်တတ်ကျွမ်းသည့် အားကစားပညာရှင်များ မွေးထုတ်ပေးနိုင်ရေးအတွက် ရန်ကုန်မြို့ရှိ ဒဂုံတက္ကသိုလ်နှင့် မန္တလေးမြို့ရှိ ရတနာပုံတက္ကသိုလ်တို့တွင် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ B.Sc(Sports)ဘာသာရပ်ကို လက်ခံသင်ကြားပေးလျက်ရှိပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို စိစစ်လက်ခံ၍ နိုင်ငံတော်၏ စရိတ်ကျခံမှုဖြင့် လက်ခံသင်ကြားပေးလျက်ရှိသည့်အပြင် လာမည့်ပညာသင်နှစ်တွင် Nay Pyi Taw State Academy ၌ တိုးချဲ့လက်ခံ သင်ကြားပေးသွားမည်ဖြစ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ကျောင်းသား/ ကျောင်းသူများ ထမင်းစားဆောင်နှင့် ထမင်းချက်ဆောင်တို့ကို ကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ရန်၊ ခွင့်ပြုထားသော ရန်ပုံငွေဖြင့် အာဟာရပြည့်ဝ သန့်ရှင်းအောင်ကျွေးမွေးရန်၊ ပန်းကန်ဆေးနေရာအင်္ဂတေကြမ်းခင်းများပြုပြင်ရန်၊အသားခုတ်ခန်း ယင်လုံအောင် ဆောင်ရွက်ရန်၊ လတ်ဆတ်သော အသား/ငါးနှင့်အသီးအရွက်များ ဝယ်ယူချက်ပြုတ် ကျွေးရန်မှာကြားပြီး တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။