အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ရန်ကုန်မြို့ရှိ အားကစားလေ့ကျင့်ရေးစခန်းများနှင့် အားကစားကွင်း၊ အားကစားရုံများကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေး

ရန်ကုန်၊ ဇူလိုင်(၈)ရက်။         

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့မနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ရောက်ရှိပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသော အနောက်တိုင်းလှေ၊ ရိုးရာလှေနှင့် ကနူး/ကယက်လှေအားကစားသမားများကိုတွေ့ဆုံ၍ လာမည့်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် အတွေ့အကြုံကောင်းများရရှိစေရန်ရည်ရွယ်၍ နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများကို စေလွှတ်ယှဉ်ပြိုင်စေလျက်ရှိရာ ထိုက်သင့်သောအောင်မြင်မှုများလည်း ရရှိခဲ့ကြောင်း၊ ပြိုင်ပွဲများမှသုံးသပ်ရရှိသော အားနည်းချက်များကိုပြုပြင်လေ့ကျင့်ပြီး ရည်မှန်းချက်ဖြစ်သည့် လာမည့်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေး၊ ပြင်းပြင်းထန်ထန်ကြိုးစားလေ့ကျင့်သွားကြရန်မှာကြားပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ အားကစားသမားများ၏လေ့ကျင့်နေမှုများကို ကြည့်ရှု အားပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ သွားရောက်ကာ နည်းပြများ၊ အားကစားသမားများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကားပြောကြားခဲ့ပြီး တင်ပြချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်သို့ သွားရောက်ပြီး တင်းနစ်လေ့ကျင့်ရေးရုံနှင့် ပြိုင်ပွဲကွင်းများပြင်ဆင်မွမ်းမံထားမှုများကို ကြည့်ရှုအားပေး စစ်ဆေးပြီး အဖွဲ့ချုပ်ဥက္ကဌနှင့်အမှုဆောင်များ၊ နည်းပြများကိုတွေ့ဆုံ ၍ တင်းနစ်အားကစားနည်းသည် ယခင်ကအောင်မြင်မှုအစဉ်အလာရှိသော အားကစားနည်းဖြစ်ကြောင်း၊ မျိုးဆက်သစ်အားကစားသမား ရှားပါးမှုကြောင့် ကျဆင်းခဲ့ရာမှ ယခုအခါအထိုက်အလျောက် အောင်မြင်မှုရနေပြီဖြစ်ကြောင်း၊ အောင်မြင်မှုအရှိန်အဟုန်ဆက်လက်ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း အားပေးစကားပြောကြားကာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့၊ အောင်ဆန်းအားကစားပြိုင်ကွင်းရှိ အားကစားပြိုင်ပွဲရုံတွင်ကျင်းပလျှက်ရှိသော ရန်ကုန်တိုင်းဒေသကြီး ဒုတိယအကြိမ်မြောက် မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလားဘော်လီဘော ပြိုင်ပွဲကိုသွားရောက်ကြည့်ရှုအားပေးခဲ့သည်။ မြန်မာဘော်လီဘောလူမှုရေးအသင်းအနေဖြင့် မျိုးဆက်သစ်လူငယ်ဘော်လီဘော အားကစားသမားများ ပေါ်ထွက်လာစေရေး အတွက်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်အတွင်းတွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်မြို့များနှင့် နေပြည်တော်၊ ၂၀၂၄ ခုနှစ်တွင် ရွှေတောင်၊ ပဲခူးမြို့များတွင် ဘော်လီဘော ပြိုင်ပွဲများကျင်းပပေးခဲ့ပြီးကျန်တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ပြိုင်ပွဲများဆက်လက်ကျင်းပပေးသွားမည်ဖြစ်ပါသည်။

ထိုမှတဆင့်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်ခရိုင် သီဟဒီပအားကစားကွင်းသို့ ရောက်ရှိပြီး ရေကူးကန်၊ ဘောလုံးကွင်း၊ အားကစားရုံဆောက်လုပ်နေမှုနှင့် ဖူဆယ်အားကစား ရုံတို့ကိုကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားကစားကွင်း အားကစားရုံများကို ရေရှည်တည်တံ့အသုံးပြုနိုင်အောင်ထိန်းသိမ်းကြရန်၊  ပြည်သူများ စိတ်ချမ်းမြေ့စွာကစားနိုင်ရေးအတွက် သန့်ရှင်း သပ်ရပ်အောင်ဆောင်ရွက်ကြရန်၊ လူငယ်များ ကျန်းမာကြံ့ခိုင်စေရေး ၊ အားကစားကိုစိတ်ပါဝင်စားလာစေရေး ၊ မျိုးဆက်သစ်အားကစားသမားများဖြစ်လာစေရေးအတွက် အားကစားသင်တန်းများ ဖွင့်လှစ်ပေးရန်၊ အားကစားကွင်းများတွင် အဆင်ပြေစွာလာရောက်ကစားနိုင်စေရေးအတွက် အားကစားနည်းအလိုက် လိုအပ်သည့် အားကစားပစ္စည်းများထားရှိပေး၍ စည်းကမ်းတကျ ကစားနိုင်အောင် ဆောင်ရွက်ပေးရန်၊ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ကြရန်၊ ကျန်းမာရေးနှင့်လုံခြုံရေးကို ဂရုပြုကြရန်မှာကြားပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။