အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇန်နဝါရီ(၁၁)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံများတွင် ကျင်းပလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားခန်းမ၌ ကျင်းပလျက်ရှိသည့် တက္ကသိုလ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပလျက်ရှိသည့် တက္ကသိုလ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပလျက်ရှိသည့် တက္ကသိုလ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများအားလည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပလျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် (အမျိုးသား/အမျိုးသမီး)ဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ (ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်နှင့် ပြေးခုန်ပစ်) အားကစားပြိုင်ပွဲများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်နေ့မှ (၁၈)ရက်နေ့အထိ အားကစားနည်း(၅)နည်းဖြင့် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံများ၌လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့မှ (၁၂)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌လည်းကောင်း ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။