အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပီတန်းအားကစားနည်း ပထမအကြိမ် Single Shooting လက်ရည်ဆန်းစစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

နေပြည်တော်၊ ဧပြီ ၂၆

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပီတန်းအားကစားသမားများ၏ ပထမအကြိမ် Single Shooting လက်ရည်ဆန်းစစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် ပီတန်းအားကစားနည်း Single Shooting (Men/ Women) တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ဆုချီးမြှင့်ပွဲအား ဆက်လက် ကျင်းပခဲ့ရာ Single Shooting (Men/ Women) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်းနှင့် ဦးဇင်မင်းထက် တို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ နီးကပ်လာပြီဖြစ်၍ အောင်မြင်မှုရရှိစေရန်နှင့် ပြိုင်ပွဲအတွေ့အကြုံများများ ရရှိစေရန်အတွက် ယခုလို လက်ရည်ဆန်းစစ်ပြိုင်ပွဲများကို မကြာမကြာ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်၍ အားကစားသမားများအနေဖြင့် ယခင် ရရှိထားသည့် စံချိန်/စံညွှန်းများထက် ပိုမိုကောင်းမွန်တိုးတက်လာအောင် နည်းပြများ၏ သင်ကြားလေ့ကျင့်ပေးမှုများအတိုင်း လိုက်နာပြီး ဇွဲ၊ စိတ်ဓာတ်အပြည့်ဖြင့် ကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။