ပိုက်ကျော်ခြင်းအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများအား ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
နေပြည်တော်၊ ဇွန် ၂၈
ပိုက်ကျော်ခြင်းအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများအားဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ပိုက်ကျော်ခြင်းလေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲဝင်းထွဋ်တင်နှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ်(အမျိုးသား/အမျိုးသမီး) ပိုက်ကျော်ခြင်း လေးယောက်တွဲပြိုင်ပွဲနှင့် ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ ပွဲစဉ်များကို အသီးသီးယှဉ်ပြိုင်ခဲ့ကြပြီးနောက် ပြိုင်ပွဲများ အပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ရန်ကုန် YRG ကလပ်အသင်း အားကစားအဖွဲ့ကို မြန်မာနိုင်ငံပိုက်ကျော်ခြင်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲဝင်းထွဋ်တင် ကလည်းကောင်း၊ (အမျိုးသမီး) လေးယောက်တွဲပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးကလည်းကောင်း၊ (အမျိုးသား) လေးယောက်တွဲပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်ကလည်းကောင်း၊ (အမျိုးသား/အမျိုးသမီး) ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း ဂုဏ်ပြုဆုငွေများနှင့် ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ပဏာမလက်ရွေးစင် အားကစားသမားများအားဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းဝင် လေ့ကျင့်လျက်ရှိသည့် ပဏမလက်ရွေးစင် Gold Camp မှ အားကစားသမား(၂၄)ဦး၊ Youth Camp မှ အားကစားသမား (၆)ဦးနှင့် ရန်ကုန် YRG ကလပ်အသင်းမှ အားကစားသမား (၁၈)ဦး စုစုပေါင်း (၄၈)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။





