ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အသက်(၂၁)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၁၀
၂၀၂၄ ခုနှစ် ပဉ္မမအကြိမ်အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အသက်(၂၁)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ လူမှုရေးရာဝန်ကြီးများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြ များနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်အမှုဆောင်မြန်မာ့ လက်ရွေးစင်အားကစား သမားဟောင်း ဒေါ်သန်းသန်းက အမျိုးသမီးအလျားခုန်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မွန်ပြည်နယ်၊ ဒုတိယဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်း ဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အမှုဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း ဒေါ်ဂျနီဖာတင်လေးက အမျိုးသမီး မီတာ ၅၀၀၀ အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယနှင့် တတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့် သည်။
ထို့နောက် ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က အမျိုးသား မီတာ ၅၀၀၀ အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က အမျိုးသမီး သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်၊ ဒုတိယနှင့်တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြု ဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်းက အမျိုးသားသံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မကွေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီးဦးဇင်မင်းထက်က အမျိုးသမီး ၂၀ ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံက အမျိုးသား ၂၀ ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲတွင် ပထမနှင့်ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် တတိယဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြု ဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ချီးမြှင့်သည်။
ဆက်လက်၍ ကျန်ရှိသည့်ပြေးခုန်ပစ်အားကစားပြိုင်ပွဲများကို အားကစားနည်းများအလိုက် ကျင်းပ၍ ဆုရရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအား ဆုများပေးအပ်ချီးမြှင့်ရာ မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်အမှုဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း ဒေါ်နုနုရီက အမျိုးသမီးမီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် တတိယဆုရရှိသည့် ရခိုင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးခင်မောင်ကြည်က အမျိုးသမီးမီတာ ၄၀၀ လက်ဆင့် ကမ်းအပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ရခိုင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်အတွင်းရေးမှူး မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း ဦးသန့်ဇင် က အမျိုးသားမီတာ ၄၀၀ လက်ဆင့်ကမ်းအပြေး ပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မန္တလေးတိုင်း ဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် မြန်မာနိုင်ငံပြေးခုန် ပစ်အဖွဲ့ချုပ်အမှုဆောင် မြန်မာ့လက်ရွေးစင်အားကစား သမားဟောင်း ဒေါ်မာမာမင်းက အမျိုးသားအလျားခုန်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် အမှုဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း ဒေါ်သန်းသန်းက အမျိုးသားမီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် ပထမနှင့်ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် တတိယဆု ရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ချီးမြှင့်သည်။
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားများကို ဒီဇင်ဘာ ၁၁ ရက်တွင် သတ်မှတ်ထားသည့်အားကစားရုံနှင့် အားကစားကွင်းများ၌ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။