အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ မတ်(၅)။

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ်(၁)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်၍ အမျိုးသား အားကစားပွဲတော်ကို ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ (၄)ကြိမ်တိုင်တိုင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအားကစားပွဲတော်သည် အမြင့်ဆုံးအားကစားပွဲတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံ၏ ဂုဏ်ကိုမြှင့်တင်နိုင်စေရန်နှင့် အားကစားကို ပြည်သူအများ စိတ်ပါဝင်စားလာစေရန် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အမျိုးသားအားကစားပွဲတော် ကျင်းပရေးကော်မတီကို ဖွဲ့စည်းပြီး သက်ဆိုင်ရာ ကော်မတီများအလိုက် လုပ်ငန်းတာဝန်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးသည် ဝန်ကြီးဌာန၏ ပုံရိပ် ဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးက ကျရာအခန်းကဏ္ဍမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးထိန်လင်းက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း၊ အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ကဏ္ဍအလိုက်ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းစီမံချက်ကို နိုင်ငံတော်အကြီးအကဲထံ အမြန်ဆုံးတင်ပြဆောင်ရွက်သွားနိုင်ရေးအတွက် ယခုအစည်းအဝေးတွင် အားလုံးဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပ နိုင်ရေးသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် အဓိကထားဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ အမျိုးသားအားကစားပွဲတော် ကျင်းပရေးကဏ္ဍအလိုက် ကော်မတီများ ဖွဲ့စည်းပြီးသည့်အခါတွင် ကော်မတီ၏ လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာ ဆောင်ရွက်မှသာ အမျိုးသားအားကစားပွဲတော်ကို အောင်မြင်စွာ ကျင်းပ နိုင်မည်ဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ် ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုးတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်နှင့် ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန် စသည့်ရည်ရွယ်ချက်(၅)ရပ်ဖြစ် ကျင်းပသွားရန် လျာထားပါကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့် အားကစားနည်း(၆)နည်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့် အားကစားနည်း(၂၃)နည်း ထည့်သွင်းကျင်းပရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်းအလိုက် ထည့်သွင်းကျင်းပရန် လျာထားသည့် ပြိုင်ပွဲအမျိုးအစားများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက အားလုံး ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဆွေးနွေးတင်ပြမှုများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးအစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။