အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ(၁၁)။

နိုင်ငံတော်မှ အားထားရသည့် လူငယ်များဖြစ်လာစေရန်၊ ပညာရေးကို အခြေခံပြီး ကျန်းမာကြံ့ခိုင်သည့် လူငယ်များ ဖြစ်လာစေရန်နှင့် အတွေးအခေါ်မှန်ကန်၍ ဗလငါးတန်နှင့် ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီမှ  ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁)၊ အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေးကဏ္ဍကို တိုးတက်အောင် မြှင့်တင်ကြရမည်ဖြစ်သလို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရည်မြင့်မားရေးသည် အဓိကအရေးပါသည့်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် လူငယ်များကို အတွေးအခေါ်မှန်ကန်ပြီး နိုင်ငံတော်ကို အကျိုးပြုနိုင်မည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်ရေးရာဦးစီးဌာနကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာစေရေးအတွက် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးရန်နှင့် အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်လာစေရေးအတွက် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးရန်လိုကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလေးထား၍ ကျရာအခန်းကဏ္ဍမှ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ရေးရာမူဝါဒတွင်ပါဝင်သည့် အဓိကကဏ္ဍ(၁၆)ရပ်ကို အကောင်အထည်ဖော်ဆောင်ရာတွင် ဦးဆောင်ဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ပြီး လူငယ်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြည်သူလူထုနှင့် လက်တွဲကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်လူရွယ်များသည် တိုင်းပြည်၏ အဖိုးတန်ရတနာများဖြစ်သည့်အတွက် နိုင်ငံတိုင်းတွင် လူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲက လူငယ်များနှင့်ပတ်သက်သည့် အခမ်းအနား၌ အမှာစကားပြောကြားရာတွင် ပညာပြည့်ဝနှလုံးလှသည့် လူငယ်များ၏ အားကသာ နိုင်ငံတော်ကို စစ်မှန်သည့် အကျိုးဖြစ်ထွန်းစေခြင်းကြောင့် ပညာပြည့်ဝနှလုံးလှသည့် လူငယ်များဖြစ်အောင် ကြိုးစားသွားကြရန်လိုကြောင်း၊ ငယ်စဉ် ဘဝကတည်းကပင် စာအုပ်စာပေများများ လေ့လာဖတ်ရှုမှသာ မှန်ကန်သည့် အသိအမြင်၊ အတွေးအခေါ်၊ ဉာဏ်ပညာများဖြင့် စဉ်းစားတွေးခေါ်နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးသည် အရေးကြီးသည့်အတွက် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်သန်မာလာစေရန် ကိုယ်လက်လှုပ်ရှား အားကစားများကို ပြုလုပ်သွားကြရန်နှင့် ကျန်းမာသန်စွမ်းပြီး ထက်မြက်သည့် ကာယအား၊ ဉာဏအားများဖြင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်နိုင်ရေး ကြိုးစားသွားကြရန် အလေးအနက် တိုက်တွန်းမှာကြားလိုကြောင်းနှင့်  ရည်မှန်းချက် စိတ်ကူးများဖြင့် ပညာရပ်များကို သင်ယူ၍ အနာဂတ်ကို ဦးဆောင်နိုင်သည့် လူငယ်မောင်မယ်များဖြစ်အောင် ကြိုးစားသွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပို့ချရာတွင် “ပညာရဲရင့် ပွဲလယ်တင့်” ဆိုသည့်အတိုင်း လူငယ်များ အသိပညာ၊ အတတ်ပညာများ ကြွယ်ဝလာစေရေး၊ အရာရာ စဉ်းစားတွေးခေါ် ဝေဖန်ပိုင်းခြားနိုင်စေရေးနှင့် ထူးချွန်ထက်မြက်သည့် လူငယ်များ ဖြစ်လာစေရေးအတွက် ရည်မှန်းချက်ထားပြီး ကြိုးစားသွားကြရန် ပြောကြားခဲ့ပြီးနောက် ဗဟုသုတဉာဏ်စမ်း မေးခွန်းများ မေးမြန်းခြင်းနှင့် ဆုလက်ဆောင်ပစ္စည်းများ  ချီးမြှင့်ပေးခဲ့ပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းအားကစားသမားလူငယ်များက ဂျူဒို၊ မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်းများနှင့်  Fitness Dance တို့ဖြင့် သရုပ်ပြ ကပြဖျော်ဖြေခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ဇေယျာသီရိမြို့နယ်၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးအား အားကစားပစ္စည်းများအားလည်းကောင်း၊ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)အား ဂုဏ်ပြုလက်ဆောင်ပစ္စည်းအားလည်းကောင်း၊ သရုပ်ပြအားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက်  ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်နှင့် လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ်၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ အင်အားစုစုပေါင်း(၃၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။