နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်-၁၁ အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို တက်ရောက်
ဦးစွာ အမှတ်-၁၁ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော ယဉ်ကျေးလိမ္မာပြီး စဉ်းစားတွေးခေါ်၍ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားနိုင်သည့် လူငယ်များ ဖြစ်စေဖို့ဖြစ်ကြောင်း၊ နောင်အနာဂါတ်တွင် နိုင်ငံတော်က အားထားရမည့် အသိပညာရှင် အတတ်ပညာရှင် သားကောင်းသမီးရတနာတွေ ဖြစ်လာစေဖို့ ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များတွင် ရိုးသားဖြောင့်မတ်၊ စေတနာ၊ သဒ္ဒါတရားရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်နဲ့ ပညာပြည့်ဝနှလုံးလှသည့် လူကောင်းတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ကြရန်လိုကြောင်း၊ နိုင်ငံတော်ရဲ့ လူမှုရေးဦးတည်ချက်တွင် နိုင်ငံတော်ဖွံ့ဖြိးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေနှင့် အဓိက စွမ်းအားစုဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန် ဦးတည်ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် လူငယ်များအနေနှင့် အသိပညာ၊ အတတ်ပညာ ပြည့်စုံပြီး ပညာပြည့်ဝ နှလုံးလှသည့် လူကောင်းလူတော်တွေဖြစ်ရန် လိုအပ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်ခြင်းအလေ့အထကို ပြုလုပ်ရန်နှင့် ကိုယ်ချင်းစာတရားထားရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိရန်အတွက် သုတစာပေ၊ ရသစာပေများကို လည်း ဖတ်ရှုလေ့လာမှတ်သားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးမှ စာရေးဆရာ မောင်လေပြေ(တောင်တွင်း)အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှတ်-၁၁ အခြေခံပညာအထက်တန်းကျောင်းသို့ စာအုပ်များနှင့် အားကစားပစ္စည်းများ ပေးအပ် လှူဒါန်းသည်။
ဆက်လက်၍ စာရေးဆရာ မောင်လေပြေ(တောင်တွင်း)က စာဖတ်ခြင်းအကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိ မေးမြန်းခြင်းနှင့် ဆုလက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။




