အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ မေ(၇)။

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူနည်းပြများ၊ အားကစားသမားများ၊ ဝန်ထမ်းများနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြသည်။

အထောက်အကူပြုမည်

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို ကျင်းပပေးခြင်းဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လာရောက်ယှဉ်ပြိုင်ကြသည့် ဘော်လီဘောအားကစားသမားများ ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ဘော်လီဘောအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး စသည့်ရည်ရွယ်ချက်များကို အထောက်အကူပြုမည်ဖြစ်ကြောင်း။

ဘက်စုံပြည့်စုံအောင်ကြိုးစား

ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်သူများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း၊ ထို့ပြင်အသင်းလိုက် အားကစားနည်းဆိုသော်လည်း တစ်ဦးချင်းထိုးဖောက်တတ်သည့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ရမည်ဖြစ်သကဲ့သို့ မိမိအသင်းအောင်နိုင်ရေးအတွက်လည်း အသင်းဖော်များ၏ အရည်အသွေးပေါ်လွင်အောင် ဖန်တီးပေးတတ်သူဖြစ်ရန်လည်း လိုအပ်သည့်အတွက် ဘက်စုံပြည့်စုံအောင် ကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်းလိုပါကြောင်း။

ပြိုင်ပွဲတွင် အနိုင်မခံ၊ အရှုံးမပေးဘဲ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားကြရန်နှင့် ပြိုင်ပွဲ၏စည်းမျဉ်း၊ စည်းကမ်းများကိုလည်း လေးစားလိုက်နာကြစေလိုကြောင်း၊ ပြိုင်ပွဲများကိုကြီးကြပ်ကြမည့် ဒိုင်လူကြီးများအနေဖြင့်လည်း ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တရားမျှတစွာနှင့် တိကျစွာဆုံးဖြတ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရမည့် နိုင်ငံဂုဏ်ဆောင်အားကစားသမားများဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားပြီး ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန်ရွတ်ဆိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူများနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲပွဲစဉ်ဖြစ်သည့် ဘော်လီဘောအမျိုးသားပြိုင်ပွဲ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို မေ ၇ ရက်မှ ၁၆ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၃ သင်းနှင့် အမျိုးသမီးအသင်း ၁၂ သင်းတို့မှ အားကစားသမားစုစုပေါင်း ၃၉၉ ဦး ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။