အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇန်နဝါရီ(၂၁)။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၃ -၂၀၂၄)ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ အားကစားအဖွဲ့ခေါင်းဆောင်များ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူနည်းပြများနှင့် အားကစားမောင်မယ် ကျောင်းသားကျောင်းသူများတက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ အားကစားအဆင့်အတန်းကို မြှင့်တင်နိုင်စေရန်၊ တက္ကသိုလ်ကိုယ်စားပြု အားကစားလက်ရွေးစင်များမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင် အားကစားသမားကောင်းများပေါ်ထွန်းလာစေရန်၊ ကျောင်းသားကျောင်းသူများအတွက် ပညာရေးကဏ္ဍသာမကကိုယ်ကာယကြံ့ခိုင်မှု၊ ကျန်းမာသန်စွမ်းမှု၊ အချင်းချင်းစည်းလုံးညီညွတ်မှု၊ အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်မှုစသည့် အလေ့အကျင့်ကောင်းများရရှိနိုင်စေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့်အရည်အချင်းပြည့်ဝသည့် အားကစားသမား ကောင်းများပေါ်ထွက်လာစေရန်ဆိုသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း။

ဒေသအလိုက် ကိုက်ညီသည့် ဘာသာရပ်များကိုတိုးချဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိ

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာသန်စွမ်းကြံ့ခိုင်ပြီးအသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ၊ လူ့စွမ်းအားအရင်းအမြစ်များများစွာရှိရန် လိုအပ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံတော် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မလွဲမသွေ အဓိကလိုအပ်သည့်အချက်မှာ အင်ဂျင်နီယာပညာရပ်များနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာပညာရပ်များဖြစ်ပါကြောင်း၊ ထို့ကြောင့် အင်ဂျင်နီယာ ပညာရပ်များနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာပညာရပ်များကိုနည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် သင်ကြားပေးလျက်ရှိပြီး ဒေသအလိုက် လိုအပ်ချက်နှင့် ကိုက်ညီသည့် ဘာသာရပ်များကိုလည်းတိုးချဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း။

ယခုဆိုလျှင် နေပြည်တော်နည်းပညာတက္ကသိုလ်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်နိုင်ရေး စိုက်ပျိုးရေးအင်ဂျင်နီယာဘာသာရပ်ကိုလည်း တိုးချဲ့သင်ကြား ပေးလျက်ရှိပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် အရည်အချင်းပြည့်ဝသည့် အင်ဂျင်နီယာများ၊ ကွန်ပျူတာပညာရှင်များနှင့် ဗိသုကာပညာရှင်များ၊ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး ဦးတည် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာပညာရပ်ဆိုင်ရာ နယ်ပယ်များ တွင် ကျောင်းသားကျောင်းသူများ၏ အသက်မွေးဝမ်းကျောင်းမှု မြှင့်တင်နိုင်ရန်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် လိုအပ်သည့် အရည်အချင်းနှင့် အရေအတွက် ပြည့်မီစေရန်အတွက် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်တို့ကိုပေါင်းစပ်ပြီး ပိုလီတက္ကနစ်တက္ကသိုလ်အဖြစ် ဘက်ပေါင်းစုံကနေအဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ရေး ကိုလည်းဆောင်ရွက်လျက်ရှိပါ ကြောင်း။

တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲများကျင်းပ

ယင်းတက္ကသိုလ်များမှ ပညာရည် ထူးချွန်ထက်မြက်ရုံသာမက စိတ်ဓာတ်အရည်အသွေးပြည့်မီပြီး အင်ဂျင်နီယာကျင့်ဝတ်၊ ပညာရှင်ကျင့်ဝတ်များကိုလေးစားလိုက်နာပြီး နိုင်ငံတော်က အားထားရသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက် (၃)ရပ်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက စွမ်းအားစုများဖြစ်သည့် လူငယ်များကိုဘက်စုံပညာရေးစနစ် အကောင်အထည်ဖော်ဆောင်ရေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်မှုမြှင့်တင်နိုင်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များအဖြစ် ပြုစုပျိုးထောင်နိုင်ရေးတို့အတွက် ယခုကဲ့သို့ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲများကို ကျင်းပပေးရခြင်း ဖြစ်ပါကြောင်း။

ယခုကဲ့သို့ အားကစားပြိုင်ပွဲများကျင်းပပေးနေသည့်အပြင် တက္ကသိုလ်များတွင် ကျောင်းသားကျောင်းသူ များ အားလပ်ချိန်၌ ကိုယ်လက်ကြံ့ခိုင်ရေး၊ စိတ်ဓာတ်ကြံ့ခိုင်ရေးနှင့် စိတ်လက်အပန်းဖြေအနားယူစဉ် မိမိဝါသနာပါသည့် အားကစားနည်းများကို လေ့ကျင့်ကစားစေနိုင်ရန်အတွက် ဘောလုံးကွင်းများ၊ မိုးလုံလေလုံ အားကစားရုံများ၊ အားကစားနည်းအလိုက် လိုအပ်သည့်အားကစားကွင်းများ၊ အားကစားအသုံးအဆောင်ပစ္စည်းများကို နှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး နှစ်စဉ်တက္ကသိုလ်တွင်း အားကစားပြိုင်ပွဲများကိုလည်း ကျင်းပပေးလျက်ရှိပါကြောင်း၊ အားကစားသမိုင်းကြောင်းတွင်လည်း အင်ဂျင်နီယာတက္ကသိုလ် ကျောင်းသားအားကစားသမားများသည် တက္ကသိုလ်လက်ရွေးစင်အဆင့်မှ နိုင်ငံ့လက်ရွေးစင်အားကစားသမားအဆင့်ထိ ထူးချွန်ခဲ့ကြသည့် အစဉ်အလာကောင်းများရှိခဲ့သည်ကိုလည်း တွေ့ရပါကြောင်း။

ဝန်ကြီးဌာနအဆင့် ပြိုင်ပွဲများတိုးချဲ့ကျင်းပပေးနိုင်ခဲ့

ဘဝတွင် ကျန်းမာရေးသည် “အာရောဂျံပရမံလာဘံ” ဆိုသည့်အတိုင်းကျန်းမာရေးသည် လာဘ်တစ်ပါး ဖြစ်သည့်အတွက် နိုင်ငံတော်အကြီးအကဲက အားကစားရာသီတွင်သာ အားကစားလှုပ်ရှားမှုများကို ဆောင်ရွက် ရမည်မဟုတ်ဘဲ နွေ၊ မိုး၊ ဆောင်း ဥတု(၃)ပါးလုံးဆောင်ရွက်ရန်နှင့် အားကစားလှုပ်ရှားမှုအရှိန်ကို ရာသီ အားလုံးတွင် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန် လမ်းညွှန်ထားပါကြောင်း၊ ထို့ကြောင့်လူငယ်များ၊ ကျောင်းသားကျောင်းသူများအနေဖြင့် ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခုကိုအစဉ်လေ့ကျင့်နေခြင်းဖြင့် ကျန်းမာကြံ့ခိုင်သည့် လူငယ်များဖြစ်အောင်ကြိုးစားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအနေဖြင့်လည်း ယခင်နှစ်များက ဝန်ကြီးဌာနအဆင့် ဘောလုံးအားကစားပြိုင်ပွဲတစ်ခုတည်းသာ ကျင်းပပေးနိုင်ခဲ့ရာမှ ယခုပညာသင်နှစ်တွင် ဝန်ကြီးဌာနအဆင့် ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများကိုပါ ထပ်မံတိုးချဲ့ကျင်းပပေးနိုင်ခဲ့သည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်ရပါကြောင်း။

(၂၀၂၃ – ၂၀၂၄) ပညာသင်နှစ်တွင် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲကို ယနေ့မှစ၍ ၁၃ ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တက္ကသိုလ် များ တည်ရှိရာဒေသအလိုက် ဖွဲ့စည်းထားသည့် အသင်း(၁၄)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရည်ရွယ်ချက်များအတိုင်း အကျိုးထိရောက်မှုရှိမည့် ပြိုင်ပွဲများဖြစ်မည်ဟု မျှော်လင့်မိပါကြောင်း၊ ယခုကဲ့သို့ ပြိုင်ပွဲများမှတစ်ဆင့် မြန်မာနိုင်ငံအတွက် ထူးချွန်ပြောင်မြောက်သည့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ မလွဲမသွေပေါ်ထွက်လာမည်ဟု အပြည့်အဝယုံကြည်ပါကြောင်း၊ ယခုအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ တစ်ဝန်းရှိနည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များကအားကစားအသင်းများမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများစုစုပေါင်း ၄၃၇ ဦးပါဝင်ယှဉ်ပြိုင်သွားမည်ဟုသိရသည့်အတွက် ဝမ်းသာအားရမိပါကြောင်း၊ ဝန်ကြီးဌာနဂုဏ်နှင့် မိမိတို့တက္ကသိုလ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် အားကစားသမားများနှင့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများ မလွဲမသွေပေါ်ထွက်လာမည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း။

တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲဖွင့်လှစ်

စိတ်ဓာတ်စည်းကမ်းကောင်းမွန်သော၊ ကျန်းမာကြံ့ခိုင်သော၊ ကျင့်ဝတ်လေးစားလိုက်နာသော အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်စေရန်နှင့် နိုင်ငံ့အကျိုးသယ်ပိုးမည့် အနာဂတ်၏ သားကောင်းရတနာ များဖြစ်စေရန်အတွက် ကြိုးစားကျင့်ကြံသွားကြရန် တိုက်တွန်းလိုပါကြောင်း၊ အားကစားပြိုင်ပွဲများ ယှဉ်ပြိုင် သည့်အခါတွင်လည်း စည်းကမ်းရှိရှိ၊ နည်းစနစ်ကျကျ၊ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် မိမိတို့၏ စွမ်းအားကုန် ရေကုန်ရေခန်း ကြိုးပမ်းအားထုတ်ယှဉ်ပြိုင်ကြ၍ မိမိတို့တက္ကသိုလ်အတွက် ဆုတံဆိပ် အသီးသီး ကိုလည်း ဆွတ်ခူးရရှိပြီး နိုင်ငံ့လက်ရွေးစင်အားကစားသမားများအဖြစ် အောင်မြင်မှုများ ရရှိနိုင်ကြပါစေကြောင်း ပြောကြားပြီး “နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ” ကိုဖွင့်လှစ်ပေးသည်။

ထို့နောက် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၃- ၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲအထိမ်းအမှတ်အလံကိုအားကစားမောင်မယ်များကစုပေါင်းသယ်ယူ၍လွှင့်တင်ပြီးအားကစားမောင်မယ် ကျောင်းသားကျောင်းသူများကအားကစားသစ္စာအဓိဋ္ဌာန်ကိုရွတ်ဆိုကြသည်။

ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများကိုရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ မျိုးဆက်သစ်အားကစားသမားများ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ၏ တေးသီချင်းများ၊ အေရိုးဗစ်အက၊ Zumba အက၊ ဝူရှူးနှင့်တိုက်ကွမ်ဒိုအားကစားနည်းတို့ဖြင့် သီဆိုသရုပ်ပြဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၃ – ၂၀၂၄)ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲကို ဇန်နဝါရီ(၂၁)ရက်မှ ဖေဖော်ဝါရီလ(၂)ရက်အထိ အားကစားနည်းများအလိုက် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများနှင့် လေ့ကျင့်ရေးဘောလုံးကွင်းများ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။