အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်

နေပြည်တော်၊ဖေဖော်ဝါရီလ(၂)ရက်။

နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

ကြည့်ရှုအားပေး

အဆိုပါဗိုလ်လုပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူနှင့်နည်းပြများ၊ အားကစားသမားများ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများ၊ အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် နေပြည်တော်ဇုန်နှင့် မိတ္ထီလာဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးသည်။

အနိုင်ရဗိုလ်စွဲ

အဆိုပါပွဲစဉ်တွင် နှစ်ဖက်အသင်းများသည် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အကြိတ်အနယ် ဖိအားပေးယှဉ်ပြိုင်ကြပြီး ပထမပိုင်းပွဲကစားချိန် ၄၄ မိနစ်တွင် ရရှိသည့် ပယ်နယ်တီသွင်းဂိုးဖြင့် နေပြည်တော်ဇုန်အသင်းက ပွဲကစားချိန် ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့သည်။ ထို့နောက် ဒုတိယပိုင်းပွဲကစားချိန် ၆၂ မိနစ်တွင် မိတ္ထီလာဇုန်အသင်းက ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သော်လည်း ပွဲကစားချိန် ၆၅ မိနစ်တွင် နေပြည်တော်ဇုန်အသင်းက အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့သောကြောင့် ပွဲကစားချိန် ပြီးဆုံးချိန်တွင် နေပြည်တော်ဇုန်အသင်းက မိတ္ထီလာဇုန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး တံခွန်စိုက်ဆုဖလားကြီးကို ဆွတ်ခူးရရှိသွားသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် အကောင်းဆုံး(ဂိုးသမား)ဆု၊ အကောင်းဆုံး(နောက်တန်း)ဆု၊ အကောင်းဆုံး(အလယ်တန်း)ဆု၊ အကောင်းဆုံး(ရှေ့တန်း)ဆု၊ ဂိုးသွင်းအများဆုံး အားကစားသမားဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ပိုးရယ်အောင်သိန်း၊ ဒေါ်ဒွဲဘူ၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က တစ်ဦးချင်း အကောင်းဆုံးဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက တတိယဆုရရှိသည့် မကွေးဇုန်အသင်းကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဒုတိယဆုရရှိသည့် မိတ္ထီလာဇုန်အသင်းကိုလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပထမဆုရရှိသည့် နေပြည်တော်ဇုန်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။

တံခွန်စိုက်ဆုဖလားချီးမြှင့်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရရှိသည့် နေပြည်တော်ဇုန်အသင်းကို ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

ဆုပေးပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။