အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်

နေပြည်တော် မေလ(၃၁)ရက်။

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်ဝါသနာရှင် ပြည်သူများတက်ရောက်ကြည့်ရှု အားပေးကြသည်။

ကြည့်ရှုအားပေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသမီးလေးယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ မွန်ပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ အမျိုးသားလေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်နေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။

ပေးအပ်ချီးမြှင့်

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဦးရန်ကျော်က အမျိုးသမီးနှစ်ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် ရခိုင်ပြည်နယ်အသင်းတို့ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက အမျိုးသားနှစ်ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းတို့ကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များနှင့်ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ခွန်စံလွင်က အမျိုးသမီးသုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မွန်ပြည်နယ်အသင်း၊ ဒုတိယဆုရရှိသည့် ရခိုင်ပြည်နယ်အသင်းနှင့် တတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းတို့ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက အမျိုးသားသုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းတို့ကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဂုဏ်ပြုဆုငွေများပေးအပ်

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က အမျိုးသမီးလေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရခိုင်ပြည်နယ်အသင်း၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်အသင်းနှင့် တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း တို့ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အမျိုးသားလေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းနှင့် တတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းတို့ကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဒေါ်ဒွဲဘူက အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့် ရခိုင်ပြည်နယ်အသင်းကိုလည်းကောင်း တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ကြသည်။

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အမျိုးသားအသင်း ၁၅ သင်းနှင့် အမျိုးသမီးအသင်း ၁၃ သင်းတို့မှ အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားစုစုပေါင်း ၂၆၉ ဦးဖြင့် မေ ၂၃ ရက်မှ ၃၁ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။