နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်ပြိုင်ပွဲဖွင့်ပွဲ တက်ရောက်ကြည့်ရှုအားပေး
နေပြည်တော်၊ မတ် (၂၅)။
ပြည်နယ်နှင့်တိုင်းဒေသကြီးမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ “၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်ပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင်းရေးကွင်း(၁)၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရစ်ကက် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ခရစ်ကက်အားကစားနည်းကို လူငယ်လူရွယ်များ ပိုမိုစိတ်ဝင်စားလာစေရန်နှင့် ခရစ်ကက်အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ ပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာ့ခရစ်ကက်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်နှင့်အတူ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးကလည်း အထူးအာရုံစိုက်ပြီး ကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမား မောင်/မယ် များသည် မိမိတို့၏အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစားသမား စိတ်ဓာတ်အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြိုင်ပွဲဝင်ဒိုင်လူကြီးများ အနေဖြင့်လည်း ဘက်လိုက်မှုကင်းရှင်းပြီး ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများအတိုင်း တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ပေးရန် လိုကြောင်း ပြောကြားပြီး “၂ဝ၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်ပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အမျိုးသမီးအသက် ၂၅ နှစ်အောက် ခရစ်ကက်ပြိုင်ပွဲ မွန်ပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေးကြသည်။
အဆိုပါ “၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်ပြိုင်ပွဲ” ကို မတ် ၂၅ ရက်မှ ဧပြီ ၃ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင်းရေးကွင်းများ၌ ကျင်းပသွားမည်ဖြစ်ရာ ခရစ်ကက် အားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။




