အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် ဇူလိုင် ၂၃ ။

၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

အားသွန်ခွန်စိုက်ကြိုးပမ်းယှဉ်ပြိုင်

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ကလပ်အသင်းများမှ တာဝန်ရှိသူများ ယခုပြိုင်ပွဲများကို လာရောက်ကြည့်ရှုပြီး ခြေစွမ်းခြေစရှိသည့် အားကစားသမားများကို သက်တမ်းအလိုက် လက်ရွေးစင်အသင်းများနှင့် ကလပ်အသင်းများအတွက် တိုက်ရိုက်ရွေးချယ်ခေါ်ယူမည်ဖြစ်သည့်အတွက် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် မိမိတို့အတွက် အခွင့်အလမ်းကောင်းတစ်ခုအဖြစ်ခံယူပြီး မိမိတို့၏ အရည်အချင်းများကို ဖော်ထုတ်ပြသနိုင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းယှဉ်ပြိုင်သွားကြစေလို ကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်က အားထားရမည့် ဘောလုံးအားကစား သမားကောင်းများ ပေါ်ထွက်လာအောင် ယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်လေးချက်ကို ရွတ်ဆိုကြပြီး ပြိုင်ပွဲဖွင့်ပွဲ ပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးကြသည်။

စဉ်ဆက်မပြတ်ကျင်းပပေးနေ

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ထူးချွန် ထက်မြက်သည့် လူငယ်သွေးသစ်ဘောလုံးသမားများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ပြီး မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် အရှေ့တောင် အာရှအဆင့်နှင့် အာရှအဆင့်ပြိုင်ပွဲများတွင် အောင်မြင်စွာ ရပ်တည်နိုင်ရေးသည် ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် မြန်မာဘောလုံးအသင်း အောင်မြင်မှုရရှိနိုင်ရန် မြန်မာ့လက်ရွေးစင်အသင်းများကို ကျောထောက် နောက်ခံအဖြစ် အင်အားအများဆုံး ဖြည့်တင်းပေးနိုင်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီး လူငယ်ဘောလုံး ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးနေခြင်းဖြစ်သည်။

၂ဝ၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်မှ ဩဂုတ် ၈ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ပေါင်းလောင်းကွင်းနှင့် လယ်ဝေးကွင်းတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၁၅ သင်း ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကာ အားကစားကို စိတ်ပါဝင်စားကြသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို (အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိသည်။