အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားတက်ရောက်

နေပြည်တော်၊ မတ်လ(၇)ရက်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မျိုးဆက်သစ် ဝူရှူးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ “၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယခုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမား မောင်/မယ်များသည် မိမိတို့၏ အစွမ်းအစအရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်သည့်အသင်း အောင်နိုင်ရေးအတွက် အနိုင်မခံ အရှုံးမပေးသော ဇွဲ၊ စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ တစ်ဦးနှင့် တစ်ဦး ချစ်ခင်ရင်းနှီးစွာဖြင့် စည်းကမ်းနှင့်အညီ ပြောဆိုနေထိုင်ဆက်ဆံကြပြီး ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ဆောင်သွားကြရန်နှင့် သတ်မှတ်ထားသော ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများကို လေးစားလိုက်နာ၍ နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားပြီး ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အမျိုးသမီး အသက် (၁၂) နှစ်နှင့်အထက် ဝူရှူး ထောက်လု (ချန်းချွမ်) ပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး ဝူရှူး ဆန်းဆို (အတိုက်) ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲကို မတ် ၇ ရက်မှ ၁၁ ရက် အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပသွားမည်ဖြစ်ပြီး ဝူရှူးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။