အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲ တက်ရောက်

နေပြည်တော် ဇန်နဝါရီ (၈)။

ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ “၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ပိုးရယ်အောင်သိန်း၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်နှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယခုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမား မောင်/ မယ်များသည် မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသင်း အောင်မြင်မှုရရှိရေး အတွက် မိမိတို့၏ အစွမ်းအစအရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး ကြိုးစားယှဉ်ပြိုင်သွားကြ စေလိုကြောင်း၊ ယှဉ်ပြိုင်ခြင်းသည် အဓိကဖြစ်သလို အနိုင်ရခြင်းသည်လည်း ပဓာနကျသည်ဆိုသော ခံယူချက်နှင့် မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်း၏ဂုဏ်ကို မြှင့်တင်နိုင် ရန် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အားကစားသမားကောင်း စိတ်ဓာတ်အပြည့်အဝဖြင့် သတ်မှတ်ထားသော ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာပြီး နိုင်ငံတော်ကအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားပြီး “၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်း ဒေသကြီး ဂျူဒိုပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ပြိုင်ဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြပြီး ပထမနေ့ဂျူဒိုပြိုင်ပွဲ (၄၅)ကီလိုတန်းအောက် တစ်ဦးချင်း အမျိုးသား/အမျိုးသမီး ဂျူဒို ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ “၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ”ကို ပြည်နယ်နှင့်တိုင်း ဒေသကြီးများမှ အမျိုးသားအသင်း ၁၄ သင်း၊ အမျိုးသမီးအသင်း ၁၄ သင်း စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၂၈ သင်းမှ အသင်းအုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားအင်အား စုစုပေါင်း ၂၆၆ ဦးဖြင့် ပြိုင်ပွဲကာလ ဇန်နဝါရီ ၈ ရက်မှ ၁၂ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသွားမည်ဖြစ်ရာ ဂျူဒိုအားကစားနည်းကို စိတ်ပါဝင်စားသည့်မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။