အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဖေဖော်ဝါရီ (၂၄)။

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘိလိယက်နှင့်စနူကာ အားကစားရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများ မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြသည့် အားကစားမောင်/မယ်များသည် မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်း အနိုင်ရရှိရေးအတွက် မိမိတို့၏ အစွမ်းအစ၊ အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားရန် လိုအပ်ကြောင်း၊ ထို့ပြင် အားကစားသမားကောင်းများ ပီသစွာ သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်းများကို လေးစားလိုက်နာကြစေလိုကြောင်း၊ ယခု ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားရင်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်ကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲ ပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို အလားအလာ ကောင်းမွန်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အားကစားသမားများအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိစေရေးနှင့် မြန်မာ့လက်ရွေးစင် အားကစားသမားများအား အထောက်အကူပြုနိုင်မည့် ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်၍ ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အမျိုးသားအသင်း(၁၃)သင်းနှင့် အမျိုးသမီး အသင်း(၁၀ သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ အားကစားကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို (အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။