အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ နိုဝင်ဘာလ(၁၅)ရက်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ  တက်ရောက်ကြည့်ရှုအားပေးကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း “အေရိုးဗစ်” အားကစားနည်းသည် အထောက်အကူပြုပစ္စည်းကိရိယာမလိုဘဲ တစ်ဦးချင်းရော အဖွဲ့လိုက်ပါ ကျန်းမာရေးအတွက် လေ့ကျင့်ကစားနိုင်သည့် အားကစားနည်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်ကစားကြမည်ဆိုပါက “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး” ကို အထောက်အကူပြုနိုင်မည်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံး ပါဝင်လှုပ်ရှားကစားနိုင်သည့် လူထုအားကစားအသွင်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး   ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း “အေရိုးဗစ်” ပြိုင်ပွဲဝင်အသင်းများသည် မိမိတို့၏အသင်း  အောင်မြင်မှုရရှိရေး အတွက် အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အစွမ်းကုန်အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြိုင်ပွဲတွင် အကဲဖြတ်ပေးကြမည့် ဒိုင်လူကြီးများသည်လည်း သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ တရားမျှတမှန်ကန်စွာ ဆုံးဖြတ် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြပြီး ပထမနေ့ပွဲစဉ်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါပြိုင်ပွဲကို လူထုအားကစားလုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်၊ အားကစားလှုပ်ရှားမှုများတွင် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသော မျိုးဆက်သစ်လူငယ်များ ထွက်ပေါ်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲပွဲစဉ်များအဖြစ် ကိုးယောက်တွဲအကြီးတန်းပြိုင်ပွဲ၊ Fitness Dance ပြိုင်ပွဲ၊ သုံးယောက်တွဲပြိုင်ပွဲနှင့် တစ်ဦးချင်းပြိုင်ပွဲများကို နိုဝင်ဘာ(၁၅)ရက်မှ (၁၇)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသမီးအသင်း(၁၄)သင်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။