အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

နေပြည်တော်၊ ဒီဇင်ဘာလ(၃၁)ရက်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားလောက အဆင့်အတန်းတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ(ပဉ္စမပတ်) လူထုအားကစားလှုပ် ရှားမှုအထိမ်းအမှတ်စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။

အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်စုစုပေါင်းအင်အား ၄၀၀၀ ကျော် ပျော်ပျော်ရွှင်ရွှင်ဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။

ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးရာ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းများအတိုင်း ပျော်ပျော်ပါးပါးလမ်းလျှောက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများနှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်းလှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရေသန့်ဘူးနှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံသည် စုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲခဲ့ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲ အထိမ်းအမှတ်လက်ဆောင်များပေးအပ်သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်စုပေါင်းလမ်း လျှောက်ပွဲများကို ဒီဇင်ဘာလ၏ အပတ်စဉ်စနေနေ့တိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများအပြင် ဝန်ထမ်းမိသားစုဝင်များပါ ပျော်ပျော်ပါးပါးပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။