ဒုတိယအဆင့်အရည်အချင်းစစ် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကျင်းပ
နေပြည်တော်၊ နိုဝင်ဘာ(၁၉)။
၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြင်းစီးအားကစားနည်း ထည့်သွင်းကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံမှ မြင်းစီးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်ရည်ရွယ်၍ ဒုတိယအဆင့် အရည်အချင်းစစ် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကို ယနေ့နံနက် (၆)နာရီတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ မြင်းစီးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမြင်းစီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့်တာဝန်ရှိသူများ၊ မြင်းစီးအားကစားသမားများ တက်ရောက်ခဲ့ကြ သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက (၅၅)ကီလိုမီတာနှင့် (၇၀)ကီလိုမီတာ အရည်အချင်းစစ် ခရီးရှည် မြင်းစီးအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားသမားများအား စတင်တာလွတ်ပေးခဲ့ ပြီးနောက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြင်းများအား စနစ်တကျထားရှိနိုင်ရေး၊ ပြိုင်ပွဲဝင်အားကစားသမားများအား စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိစေရေး၊ အဖွဲ့ချုပ်မှတာဝန်ရှိသူများအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြင်းစီးကလပ်အသင်းများနှင့် ပေါင်းစပ်၍ မြင်းစီးအားကစားနည်း ပိုမိုတိုးတက်လာစေရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားရန်၊ နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ မြင်းစီးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များရှိပါက ဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
(၅၅)ကီလိုမီတာနှင့် (၇၀)ကီလိုမီတာ အရည်အချင်းစစ် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲသို့ YECC RIDING CLUB, NAY PYI TAW RIDING CLUB နှင့် MO RIDING CLUB တို့မှ ပြိုင်ပွဲဝင်မြင်းစီးအားကစားသမား(၁၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် အောင်လက်မှတ်ချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ (၅၅)ကီလိုမီတာနှင့် (၇၀)ကီလိုမီတာ အရည်အချင်းစစ် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲတွင် အောင်မြင်ခဲ့သည့် မြင်းစီးအားကစားသမားများကို တာဝန်ရှိသူများက အရည်အချင်းစစ် အောင်လက်မှတ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် အရည်အချင်းစစ် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲများကို ထပ်မံကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။




