အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီးဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တည်ဆောက်လျက်ရှိသည့် အားကစားကွင်း/အားကစားရုံများနှင့် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ(၂၆)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းယားကန်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်လှေလှော်အားကစားအဖွဲ့၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အားကစားအဖွဲ့အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဇွဲကပင်အားကစားကွင်း၊ အားကစားသမား(၅)ထပ်အိပ်ဆောင် တည်ဆောက်နေမှုနှင့် အဆင့်မြင့်အားကစားရုံတည်ဆောက်မည့် မြေနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ပြည်နယ်ဖူဆယ်အားကစားခန်းမ၊ လူငယ်ရေးရာစင်တာတည်ဆောက်မည့်မြေနေရာ၊ တည်ဆောက်လျက်ရှိသည့် GYM အားကစားခန်းနှင့် စားပွဲတင်တင်းနစ်အားကစားရုံ၊ ရေကူးကန်နှင့် တင်းနစ်အားကစားကွင်းများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းရုံး၊ ခရိုင်ရုံးနှင့် မြို့နယ်ရုံးများမှ တာဝန်ရှိသူများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)မှ အရာထမ်း/အမှုထမ်းများအား အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်လိုကြောင်း၊ ရုံးလုပ်ငန်းများ၊ ကိုယ်ရေးကိုယ်တာကိစ္စရပ်များနှင့်ပတ်သက်ပြီး တင်ပြလိုသည့်အခါ တာဝန်ရှိသူများအား အဆင့်ဆင့်တင်ပြသွားကြရန်နှင့် သင်တန်းသား/သူများကိုလည်း မိမိတို့၏ သား/သမီးများကဲ့သို့ ဂရုတစိုက် ပြုစုလေ့ကျင့်သင်ကြားပေးသွားရန် မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသား/သူများ၏ ကျောင်းသင်ခန်းစာသင်ကြားနေမှုများ၊ အားကစားလေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီဖြည့်ဆည်းဆောက်ရွက်ပေးခဲ့ပြီးနောက် မွန်ပြည်နယ် အားကစားဥယျာဉ်အတွင်း အားကစားရုံတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီး‌စေရေးနှင့် အရည်အသွေးပြည့်မှီစေရေး အလေးထားဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်းသိရသည်။