အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)အတွင်းရှိ အဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ(၂၇)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရာမညအားကစားကွင်းနှင့် ကျောင်းသားအားကစားကွင်းများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့စေရေးနှင့် အားကစားကွင်းပတ်လည် သန့်ရှင်းသာယာမှုရှိစေရေးအတွက် အမြဲတမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပွဲကြည့်စင်အောက်ဘက်ရှိအခန်းများကို သန့်ရှင်းသပ်ရပ်စွာ ထားရှိရန်နှင့် အားကစားပစ္စည်းများကို စနစ်တကျထားရှိဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဦးဝိစာရအမျိုးသားရေကူးကန်၊ သိမ်ဖြူတင်းနစ်အားကစားရုံအမိုး လဲလှယ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီးနောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းရုံး၊ ခရိုင်ရုံးနှင့် မြို့နယ်ရုံးတို့မှ အရာထမ်း/အမှုထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များ၊ အခက်အခဲများနှင့် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသား/သင်တန်းသူများနေထိုင်သည့်အဆောင်(အဟောင်း)အားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းအိမ်ရာအခက်ခဲရှိပါက ထားရှိနိုင်ရေးအတွက် လိုအပ်သည်များပြန်လည်ပြုပြင်သွားရန်မှာကြားခဲ့ပြီးနောက် အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းတွင် သင်တန်းသား/သင်တန်းသူများ၏ ကျောင်းစာသင်ယူနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းအုပ်ကြီးရုံးခန်းနှင့် ကျောင်းဆရာ/ဆရာမများ၏ နားနေခန်းများအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို ပံ့ပိုးကူညီဖြည့်ဆည်း‌ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)အတွင်းရှိ (၁၀)ခန်းတွဲဝန်ထမ်းအိမ်ရာနှင့် ဘတ်စကက်ဘောအားကစားရုံအနောက်ဘက်ရှိ ဝန်ထမ်းအိမ်ရာများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းမိသားစုများအနေဖြင့် မိမိတို့၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် အမြဲတမ်းဆောင်ရွက်သွားကြရန်နှင့် ကျန်းမားရေးမထိခိုက်စေရန် အမှိုက်များကိုစနစ်တကျ စွန့်ပစ်သွားရန် မှာကြားခဲ့ပြီး အခက်ခဲများနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။