ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မကွေးတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ အောက်တိုဘာ(၂၆)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားကွင်းအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်းအတွင်း သန့်ရှင်းသာယာမှုရှိစေရေးနှင့် မြက်ခင်းများစိမ်းလန်းစိုပြေစေရေးအတွက် အမြဲတမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ချုံနွယ်သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းသွားကြရန်နှင့် ဝန်ထမ်းများ အချင်းချင်း မိသားစု ညီအကိုမောင်နှမစိတ်ဓာတ်ထားရှိပြီး နိုင်ငံတော်မှ ပေးအပ်သည့် လုပ်ငန်းတာဝန်များအား ချစ်ကြည်ရင်းနှီးစွာဖြင့် စည်းစည်းလုံးလုံးနှင့် တာဝန် ကျေပွန်စွာ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားကြရန်လိုကြောင်းပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များနှင့် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ဆက်လက် ထွက်ခွာခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းရုံး၊ ခရိုင်ရုံးနှင့် မြို့နယ်ရုံးများမှ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ သေချာတိကျစွာ လုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဝန်ထမ်းအချင်းချင်း တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးစွာဖြင့် ရိုင်းပင်ကူညီဆောင်ရွက်သွားကြရန်လိုကြောင်းပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များနှင့် လိုအပ်ချက်များအား ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် အလေးမအားကစားနည်းတွင် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ် အားကစားသမားများ၏ လေ့ကျင့်နေမှုနှင့် နေထိုင်စားသောက်မှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများအတွက် လိုအပ်သည် များကို ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီးနောက် မကွေးတိုင်းဒေသကြီး အားကစားကွင်းအတွင်း တည်ဆောက်လျက်ရှိသည့် အထူးတန်းပွဲကြည့်စင်နှင့် မြေသားပြေးလမ်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြိုနယ် အားကစားနှင့် ကာယပညာဦးစီးဌာနရှိ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားရုံအတွင်း ပြန်လည်ပြုပြင်ရမည့် လုပ်ငန်းများနှင့် အားကစားကွင်းပတ်လည် သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားကွင်းအားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံလူငယ်/လူရွယ်များ ဘောလုံးအားကစားနည်းအား စိတ်ပါဝင်စားစွာဖြင့် စနစ်တကျ လေ့လာသင်ယူနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်/ခရိုင်အဆင့်မှ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်သာမက မြန်မာ့လက်ရွေးစင် အားကစားသမားအဆင့်ထိရောက်ရှိအောင် ကြိုးစား ကစားသွားကြရန်လိုကြောင်း ပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများကို လိုအပ်သည်များ ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် မှာကြားခဲ့ကြောင်းသိရသည်။




