အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံ တည်ဆောက်ရေးလုပ်ငန်းများအားလိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ(၂၅)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အားကစားဥယျာဉ်အတွင်း တည်ဆောက်လျက်ရှိသည့် အဆင့်မြင့်အားကစားရုံနှင့် အထူးတန်းပွဲကြည့်စင်တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းအချိန်မှီပြီးစီးစေရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် တိုင်း/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး အမျိုးသားအားကစားပွဲတော်ကျင်းပမည်ဖြစ်သည့်အတွက် ယခုကတည်းကလိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန်နှင့် ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် စည်းစည်းလုံးလုံးနေထိုင်သွားကြရန်မှာကြားခဲ့ပြီးနောက် ဝန်ထမ်းများ၏ အခက်အခဲများနှင့် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားကွင်း အုတ်တံတိုင်းကာရံခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားကွင်းအတွင်း တည်ဆောက်လျက်ရှိသည့် လက်ဝှေ့လေ့ကျင့်ရေးအားကစားရုံတည်ဆောက်ခြင်းလုပ်ငန်းနှင့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအားကစားကွင်းအတွင်း စက်ဘီးလေ့ကျင့်ရေးကွင်း ကတ္တရာလမ်းခင်းခြင်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပြီး‌နောက် ဘူယောင်းမြန်မာတိုက်ကွမ်ဒိုအားကစားရုံအတွင်း ကျောင်းသားလူငယ်များ၏ တိုက်ကွမ်ဒို လာရောက်သင်ယူလေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် တက်ရောက်သင်ကြားလေ့ကျင့်လျက်ရှိသည့် သင်တန်းသား/သင်တန်းသူများ၏ အိပ်ဆောင်များ၊စားရိပ်သာတွင် သင်တန်းသား/သင်တန်းသူများ၏ ညနေစာ စားသောက်နေမှုများနှင့်ကျွမ်းဘားအားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။