အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ ရန်ကုန်မြို့ရှိ စခန်းဝင်လေ့ကျင့်နေသော အားကစားနည်းများအား လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန် ၊ အောက်တိုဘာလ (၂)ရက်

၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၇:၃၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်ရှိ ပဒေသာအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထိန်လင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မှ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အုပ်ချုပ်သူ/နည်းပြများ၊ဒိုင်လူကြီးများနှင့်အားကစားသမား များတက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာ ပြိုင်ပွဲကို မိမိတို့ ရန်ကုန်တိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိ ပါကြောင်း ၊ ယခုပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် “တူညီမျှတ ညီရင်းအစ်ကိုပမာ စိမ်းလန်းရဲရင့်မှု” ဂုဏ်ပုဒ်တို့နှင့်အတူ ရဲရင့်ခြင်း ၊ ဇွဲလုံ့လ ဝီရိယ တို့ဖြင့် ကြိုးစားယှဥ်ပြိုင်သွားကြစေလိုကြောင်း ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် ပြိုင်ပွဲမှာ မိမိတို့ရဲ့ အစွမ်းအစအရည်အချင်းများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး မိမိတို့ကိုယ်စားပြုသည့် တိုင်းဒေသကြီး နှင့်ပြည်နယ်အသင်း အောင်နိုင်ရေးအတွက် အနိုင်မခံအရှုံးမပေးဘဲ ဇွဲ ၊စိတ်ဓါတ်အပြည့်နဲ့သန့်ရှင်းစွာ ပါဝင်ယှဉ်ပြိုင် ကစားကြစေလိုကြောင်း၊ တစ်ဦးနဲ့ တစ်ဦး ချစ်ခင်ရင်းနှီးစွာဖြင့် စည်းကမ်းနှင့် အညီပြောဆို နေထိုင် ကြပြီး ပြည်ထောင်စုစိတ်ဓါတ်ကို ဖော်ဆောင်သွားကြကာ သတ်မှတ်ထားသည့် စည်းမျဉ်း ၊ စည်းကမ်းများနှင့်အညီ လိုက်နာယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဘိလိယက်နှင့် စနူကာအားကစားနည်းဟာ ပင်ကိုယ်ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်တဲ့ မြန်မာလူမျိုးများနဲ့ အလွန် လိုက်ဖက်ညီသည့် အားကစားနည်းဖြစ်ပါကြောင်း၊ ဘိလိယက်အားကစားနည်းဟာ လွန်ခဲ့ သည့် နှစ်ပေါင်း(၆၀)ခန့်က စတင်ပြီး အပန်းဖြေအားကစားနည်း တစ်ရပ်အဖြစ် မြန်မာနိုင်ငံမှာ ထွန်းကား ခဲ့ပါကြောင်း ၊ ဘိလိယက်နှင့်စနူကာ အားကစားနည်းအနေဖြင့် (၂၀) ရာစု နောက်ပိုင်းတွင် အရှေ့တောင်အာရှ ၊ အာရှ ၊ အပြည်ပြည်ဆိုင်ရာဖိတ်ခေါ်ပြိုင်ပွဲများနှင့် ကမ္ဘာ့အားကစားပြိုင်ပွဲများ အထိ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတော်အတွက် ရွှေ ၊ ငွေ ၊ ကြေး ဆုတံဆိပ်များစွာကို ဆွတ်ခူးပေးနိုင် ခဲ့ပါကြောင်း ၊ ဘိလိယက်နှင့် စနူကာ အားကစားနည်းသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုထက် ကျွမ်းကျင်မှုက ပိုမိုအရေးပါသည့်အတွက်အသက်အရွယ်အားဖြင့် ကြီးသည်ဖြစ်စေ ၊ ငယ်သည်ဖြစ်စေ ယှဉ်ပြိုင် နိုင်သည့် အားကစားနည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ် ဘိလိယက် နှင့်စနူကာ ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားများသည် နိုင်ငံတော်က အားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် မှာကြားခဲ့ပါသည်။

ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဌာန် (၄)ချက် ရွတ်ဆိုပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် တာဝန်ရှိပုဂ္ဂိုလ်တို့က ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း တို့က ရန်ကုန်တိုင်းစစ်ဌာနချုပ် စစ်တီးဝိုင်း အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ်( ၅ )သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက ပြိုင်ပွဲအား ဘိလိယက်ထိုး၍ဖွင့်လှစ်ပေးခဲ့ပြီး ယနေ့ယှဉ်ပြိုင် သည့် ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲနှင့် စနူကာ 15-Red တစ်ဦးချင်းပြိုင်ပွဲများကို ကြည့်ရှုအားပေး ခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ရန်ကုန်မြို့၊ အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ရောက်ရှိပြီး (၃၃)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့် နေသည့် ပဏာမလက်ရွေးစင်လှေလှော် အားကစားသမားများ လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေး၍ အားကစားသမားများအား စံချိန် ၊ စံညွှန်းများ ပိုမိုကောင်းမွန်အောင်လေ့ကျင့်ကြရန် ၊ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်နှင့် အချိန်ပေးကြိုးစားထားသည်နှင့် ညီမျှသည့် အောင်မြင်မှုများကို ရရှိအောင် ကြိုးစားကြရန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တာမွေမြို့နယ် အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်းအတွင်းရှိ ဝူရှူးအားကစားလေ့ကျင့်ရေးရုံသို့ ရောက်ရှိရာ စခန်းဝင် လေ့ကျင့်လျက်ရှိသည့် ထောက်လု / ဆန်းဆို အားကစားနည်းများမှ ပဏာမလက်ရွေးစင် ဝူရှူး အားကစားသမားများ လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အားကစားသမားများအား ပြိုင်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်မည့်အားကစားနည်းများကို ကြိုးစားယှဉ်ပြိုင်ကြရန် ၊ ဇွဲ ၊ စိတ်ဓာတ်ကောင်းမွန် စွာဖြင့်ပြိုင်ဘက်အား ပြတ်ပြတ်သားသားအနိုင်ယူယှဉ်ပြိုင်နိုင်ရန် နှင့် ပြိုင်ပွဲသို့မရောက်မီ ယခု ကတည်းက အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ကြိုးစားကြရန်လိုအပ်ကြောင်း မှာကြား ခဲ့ပြီးနောက် ခြင်းလုံးအားကစားရုံသို့ရောက်ရှိပြီး ပဏာမလက်ရွေးစင် ခြင်းလုံးအားကစားသမားများ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် လေ့ကျင့်ရေးခန်းမသို့ ရောက်ရှိပြီး စခန်းဝင်လေ့ကျင့်နေသည့် ပဏာမလက်ရွေးစင် ဘိလိယက်နှင့်စနူကာ အားကစားသမားများ၏ တစ်နေ့တာလေ့ကျင့်သည့် လေ့ကျင့်ချိန်အရေအတွက် ၊ လေ့ကျင့်မှုပုံစံ ၊ လေ့ကျင့်သည့်စံချိန် ၊ စံနှုန်း ရရှိသည့် အနေအထားတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။