ဒုတိယဝန်ကြီး ဦးထိန်လင်း မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် ၊ ဘော်လီဘော ဒိုင်လူကြီးသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် AFC U-20 Women’s ASIAN Cup Thailand 2026 Qualifiers ဘောလုံးပြိုင်ပွဲ တက်ရောက်ကြည့်ရှု
ရန်ကုန်၊ ဩဂုတ်လ(၁၀)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကြီးမှူး ဖွင့်လှစ်သော မြန်မာနိုင်ငံဘော်လီဘော ဒိုင်လူကြီး (Referee) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ မိုးလုံလေလုံအားကစားရုံတွင် ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ သင်တန်းနည်းပြဆရာများ ၊ ဒိုင်ချုပ်များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြ သည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ဘော်လီဘောလောက တိုးတက်မြင့်မားလာပြီး နိုင်ငံတစ်ဝန်း ဘော်လီဘော ပြိုင်ပွဲများကျင်းပနိုင်ရေး ၊ ဥပဒေသများကျွမ်းကျင်မှု ၊ ကိုယ်ကျင့်တရားကောင်းမွန်မှု ၊ အဂတိတရားကင်းမှု ၊ သမာသမတ်ကျကျ တရားနည်းလမ်းဖြင့် မှန်ကန်စွာ ဆုံးဖြတ်ပေးနိုင်မှုရှိသော ဒိုင်လူကြီးများဖြစ်စေရေး ၊ ပြည်တွင်းသာမက အပြည်ပြည်ဆိုင်ရာ ဘော်လီဘောအဖွဲ့ချုပ် အသိအမှတ်ပြု ဒိုင်လူကြီးများဖြစ်အောင် ကြိုးစားကြပြီး ဘော်လီဘောအားကစားဖြင့် မြန်မာ့အားကစားကို မြှင့်တင်ပေးနိုင်အောင် စွမ်းဆောင်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးတို့က သင်တန်းနှင့်ပတ်သက်သည့် လိုအပ်ချက် ကိစ္စရပ်များအား ဖြည့်စွက်မှာကြားခဲ့ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
အဆိုပါ ဘော်လီဘောဒိုင်လူကြီးသင်တန်းကို (၁၀.၈.၂၀၂၅)ရက်နေ့မှ (၁၇.၈.၂၀၂၅) ရက်နေ့အထိ FIVB ၏ ၂၀၂၅-၂၀၂၈ Rule & Regulation , Referee Guideline တို့မှ စာတွေ့ လက်တွေ့ သင်ကြားပြသသွားမည်ဖြစ်ပြီး သင်တန်းသား(၂၅)ဦး ၊ သင်တန်းသူ(၁၅)ဦး စုစုပေါင်း (၄၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစားလေ့ကျင့်ရေးစခန်း(သုဝဏ္ဏ)ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သော AFC U-20 Women’s ASIAN Cup Thailand 2026 Qualifiersပြိုင်ပွဲ အုပ်စု (D)ပွဲစဉ်အဖြစ် မြန်မာ(U-20) အမျိုးသမီးအသင်းနှင့် အိန္ဒိယ(U-20) အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။




