![]()
ဒုတိယဝန်ကြီး ဦးထိန်လင်း ပိုက်ကျော်ခြင်း အားကစားအဖွဲ့လေ့ကျင့်နေမှုများအား ကြည့်ရှုခြင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ A,B,C Indoor အားကစားရုံနှင့် ရေကူးကန် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ အောက်တိုဘာ ၁၅
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့ များ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခြင်းနှင့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ A,B,C Indoor အားကစားရုံနှင့် ရေကူးကန် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပိုက်ကျော်ခြင်းအားကစားနည်းမှ အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း နှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ လေးယောက်တွဲ အသင်းလိုက် လေ့ကျင့်နေမှုများနှင့် ကွင်းသွင်းခြင်းခတ်အားကစားသမားများ၏ လေ့ကျင့်နေမှုများကို လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီးနောက် အုပ်ချုပ်/နည်းပြများနှင့်တွေ့ဆုံ၍ မိမိအားကစားသမားများ၏ အားနည်းချက်/ အားသာချက်များကို ပြန်လည်သုံးသပ်ပြုပြင်၍ လေ့ကျင့်သင်ကြားပေးသွားရန်လိုကြောင်း၊ ပြိုင်ပွဲကာလ နီးကပ်လာပြီဖြစ်သည့်အတွက် လေ့ကျင့်မှုပြုလုပ်ရာတွင် ထိခိုက်ဒဏ်ရာမရှိအောင် ဂရုစိုက်လေ့ကျင့် သင်ကြားပေးရန်လိုကြောင်း မှာကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ A,B,C Indoor အားကစားရုံများနှင့် အတွင်းဘက် မြေညီထပ်၊ ပထမအထပ်၊ ဒုတိယအထပ်များ၏ အုတ်နံရံ အက်ကွဲကြောင်းများ၊ ကြမ်းခင်းအက်ကွဲကြောင်းများ ခွဲထွင်းပြုပြင်ခြင်းလုပ်ငန်း၊ နံရံကြွေပြား၊ ကြမ်းခင်း ကြွေပြား ခွဲထုတ်ခြင်းလုပ်ငန်း၊ မျက်နှာကြက်များ ဖြုတ်ခြင်းလုပ်ငန်း၊ ပါကေးပြားများ၊ ကော်ဇော ကြမ်းခင်းများ ခွဲထုတ်ခြင်းလုပ်ငန်း၊ အဲယားကွန်းများ တပ်ဆင်ရန်လုပ်ငန်း၊ ရေလိုင်း၊ မီးလိုင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ စသည့် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ၏ ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးစေရေးတို့အတွက် တာဝန်ရှိသူများက စိစစ်ကြပ်မတ်ပြီး စနစ်တကျ ပြန်လည်ပြုပြင် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိရေကူးကန်အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး နံရံအက်ကွဲကြောင်းများ၊ ကြမ်းခင်းအက်ကွဲကြောင်းများ၊ မျက်နှာကြက် ဆေးသုတ်ခြင်းနှင့် ပြုပြင်ခြင်း၊ ပွဲကြည့်စင်အပေါ်ဘက်နံရံများ၊ ပိုက်လိုင်းများ၊ မီးလိုင်းများ၊ ကလိုရင်းကန်နှင့် ပိုက်လိုင်းများ ပျက်စီး နေမှုနှင့် ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကူးကန်အား အမြန်ဆုံး ပြန်လည်အသုံးပြုနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


