ဒုတိယဝန်ကြီး ဦးထိန်လင်း နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Cluster များအလိုက် အိပ်ဆောင်များ၊ စားရိပ်သာနှင့်ဆေးခန်းတို့အား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ဖေဖော်ဝါရီလ(၅)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Cluster များအလိုက် အားကစားသမားများနှင့် ဝန်ထမ်းများ နေထိုင်သည့် အိပ်ဆောင်များ၊ စားရိပ်သာတွင် အားကစားသမားများ၏ နေ့လည်စာ စားသုံးနေမှုများ၊ ထမင်းဟင်းချက်ပြုတ်ပြင်ဆင်သည့်နေရာများ၊ ဟင်းသီးဟင်းရွက်ထားရှိသည့်အအေးခန်း၊ အသားငါးခုတ်ဖြတ်သည့်နေရာများနှင့် အားကစားသမားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည့် (Gold Camp)ဆေးခန်းတွင် ကုသရေးဆိုင်ရာစက်ပစ္စည်းများထားရှိသည့် အခန်းနေရာများနှင့် ဆေးဝါးများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။