အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးထိန်လင်း  အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားသမားများ၏ တည်းခိုဆောင်များနှင့် နေထိုင်စားသောက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာလ(၂၅)ရက်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၃) စစ်ကြောရေးနှင့်တည်းခိုရေးစခန်း(ရွာတော်)သို့ သွားရောက်၍ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားသမားများ လာရောက်တည်းခိုမည့် တည်းခိုဆောင်များ ခင်းကျင်းထားရှိမှုများ၊ ဆပ်ကော်မတီအလိုက် ရုံးခန်းဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ စားရိပ်သာတွင် နေ့လည်စာ စားသောက်နေမှုများ၊ ချက်ပြုတ်ကျွေးမွေးထားရှိမှုများနှင့် ချက်ပြုတ်ရေးပစ္စည်းများ သိုလှောင်ထားရှိုမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ရန် ရောက်ရှိလာသည့် ကချင်ပြည်နယ်အသင်းမှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံ နှုတ်ဆက် အားပေးစကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် စားသောက်ဆိုင်(ကန်တင်း)များတွင် အားကစားသမားများအတွက် အသေးသုံးပစ္စည်းများဝယ်ယူနိုင်ရန် ရောင်းချနေမှုနှင့် အဆာပြေ အစားအသောက်များ ရောင်းချရန် ပြင်ဆင်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်းအလိုက်ပြိုင်ပွဲများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမား စုစုပေါင်းအင်အား ၆၀၀၀ ကျော် အမှတ်(၃)၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း(ရွာတော်) တွင် တည်းခိုသွားမည်ဖြစ်ကြောင်း သိရသည်။