အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးထိန်လင်း၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်၍ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် အုပ်ချုပ်မှုဆိုင်ရာ ရုံးအဖွဲ့များနှင့် တွေ့ဆုံ

ရန်ကုန် ၊ အောက်တိုဘာလ (၃) ရက်

၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၀၈ : ၃၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန မှ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ ဆုရအားကစား သမားများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ဗိုလ်လုပွဲအဖြစ် တစ်ဦးချင်းပြိုင်ပွဲများ အပြီးတွင် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်းမှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲတွင် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးလှူဒါန်းပေးခဲ့သော အလှူရှင်များအား အမှတ်တရဂုဏ်ပြုဆုနှင့်( Trophy) များကို အဖွဲ့ချုပ်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့မှ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီးက (၉)ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသော ကချင် ပြည်နယ်အသင်း ၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း ၊ တတိယဆု ရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့အား လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ က စတုတ္ထဆုရရှိသော ရှမ်းပြည်နယ်အသင်း နှင့် ပဉ္စမဆုရရှိသော မန္တလေး တိုင်းဒေသကြီးအသင်းတို့အား လည်းကောင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ ရေးရာဝန်ကြီး ဦးဇော်ဝင်းက (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်း ဒေသကြီးအသင်း ၊ ပူးတွဲပထမဆုရရှိသော ကချင်ပြည်နယ်အသင်း ၊ တတိယ ဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်း ၊ စတုတ္ထဆုရရှိသော ကရင်ပြည်နယ်အသင်းနှင့် ပဉ္စမဆု ရရှိသော မွန်ပြည်နယ်အသင်း တို့အားလည်းကောင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးဗိုလ်ဌေးက တစ်ဦးချင်းပြိုင်ပွဲတွင် ဒုတိယ ဆုရရှိသော ဇန်ဝါအောင်(မန္တလေးတိုင်းဒေသကြီး) ၊ တတိယဆုရရှိသော နန်းဇီဇဝါမြဦး (ကရင်ပြည်နယ်) ၊ စတုတ္ထဆုရရှိသော လဂွေယော်နမ် (ကချင်ပြည်နယ်) ပဉ္စမဆုရရှိသော ဝင်းသော်တာအောင်(နေပြည်တော်) တို့အား လည်းကောင်း ၊ မြန်မာနိုင်ငံအို လံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော သွန်းသရဝဏ် (ရန်ကုန်တိုင်းဒေသကြီး)တို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ရွှေ(၂) ၊ ငွေ(၁)ဖြင့် အမျိုးသမီး တံခွန်စိုက်ဆုဖလား ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား အမျိုးသမီးတံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင့်ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ၊တာမွေမြို့နယ် ၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရာတွင်ပါဝင်မည့် အုပ်ချုပ်မှုဆိုင်ရာ ရုံးအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်းများအလိုက် လိုအပ်ချက်များမရှိစေရန် လိုက်လံစစ်ဆေး၍ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်သွားကြရန် ၊ နိုင်ငံတော်မှကျွေးမွေးသည့် စားစရိတ်နှုန်းထား နှင့်အညီ ကျွေးမွေးနိုင်ရန်အတွက် အားကစားသမားများအား တနေ့တာကျွေးမွေးနေမှုများကို ကြပ်မတ်စစ်ဆေးရန်၊ ရုံးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စရပ်များအား ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရန်၊ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားအတွက် လိုအပ်သည့် ကိစ္စရပ်များအား သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ ပြိုင်ပွဲသို့သွားရောက်ရာတွင် သွား/လာရေးကိစ္စရပ်များ ၊ တည်းခို/နေထိုင် စားသောက်ရေးကိစ္စရပ်များအား အဆင်ပြေ ချောမွေ့စေရန် ကြိုတင်ချိတ်ဆက်ဆောင်ရွက်သွားကြရန် နှင့်ပြိုင်ပွဲပြီးဆုံးပါက အစီရင်ခံစာပြုစုနိုင်ရေးကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း မှာကြားခဲ့ ပါသည်။

ဆက်လက်၍ ဒုတိယအမြဲတမ်းအတွင်းဝန်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဏာမလက်ရွေးစင်အားကစားသမားများ ထားရှိရာ(၄)ထပ်အိပ်ဆောင်ရှိစားရိပ်သာသို့ရောက်ရှိပြီး စားရိပ်သာ၌ အားကစားသမားများ ကျွေးမွေးနေမှုများ၊ သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားရှိမှုများ ၊ ချက်ပြုတ်ဆောင်နှင့် စတိုခန်း များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။