အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားသို့တက်ရောက်

နေပြည်တော်၊ ဩဂုတ် ၇။

လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်စေရေးနှင့် နိုင်ငံတော်အတွက် အားထားရမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ တို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ CAE ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဦးစွာ CAE ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း” တေးသီချင်းဖြင့် ဖျော်ဖြေခဲ့ပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားလူငယ်လူရွယ်ဆိုသည်မှာ အပြစ်ကင်းစင်၍ တက်ကြွသူများဖြစ်ကြပြီး အရောင်များဖြင့်တင်စားရပါက အဖြူရောင်နှင့် တူကြောင်း၊ အဖြူရောင်၏သဘာဝသည် အစွန်းအထင်းမခံ၍ အကိုင်အတွယ်မတတ်လျှင် ညစ်ပေ လွယ်ပါကြောင်း၊ လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝမှသာ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်၍ အဖြူရောင်နှင့်တူပြီး နိုင်ငံ့အင်အားဖြစ်သည့် လူငယ်များကို ပြုစုပျိုးထောင်ပေးခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးပါသည့်ဆောင်ရွက်ချက် တစ်ခုပင် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် ဘက်ပေါင်းစုံမှ ကြိုးစား ဆောင်ရွက်လျက်ရှိသည့်အပြင် လူငယ်ကဏ္ဍကို အထူးအလေးထား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် ဦးတည်ချက်ကို ထည့်သွင်းဖော်ပြခဲ့ပြီး လူသားအရင်းအမြစ်ဖြစ်သည့် လူငယ်များကို တန်ဖိုးထားကာ လူငယ်ကဏ္ဍအတွက် အလေးထား ဆောင်ရွက်နေသည်ကို တွေ့မြင်နေရပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း လူငယ်များကို စနစ်တကျ ဖွဲ့စည်းပျိုးထောင်ပေးလျက်ရှိကြောင်း၊ မြန်မာ့စာပေ လောကတွင်လည်း အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာပေဆုများတွင် ကလေးစာပေဆုများနှင့် လူငယ်စာပေဆုများကို နှစ်စဉ်ချီးမြှင့်ပေးလျက်ရှိသည့်အပြင် လူငယ်နှင့်စာပေအနုပညာပြပွဲ၊ လူငယ်စုံညီပွဲတော်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားများကိုလည်း နှစ်စဉ်ကျင်းပပြုလုပ်ပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေးနှင့် အတွေးအခေါ် မှန်ကန်စေရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိပြီး လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျ ထိထိ ရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လူငယ်ရေးရာဦးစီးဌာနကို ဖွဲ့စည်းပေးခဲ့ပါ ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များချမှတ်ပြီး ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်များအနေဖြင့် ငယ်စဉ်ဘဝကတည်းက ဗလ ငါးတန်နှင့်ပြည့်စုံသည့် လူချွန်လူမွန်များဖြစ်အောင် ပညာကိုသာ အခြေခံပြီး လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချ၍ အတွေ့အကြုံကောင်းများရယူပြီး မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးများ ပိုမို ကောင်းမွန်အောင် ကြိုးစားသွားကြရန်နှင့် ပညာပြည့်ဝနှလုံးလှပြီး ဗလငါးတန်၊ ပညာ့မာန်ဖြင့် အနာဂတ်ပဲ့ကိုင်ရှင်များဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ကျောင်းသား/ကျောင်းသူလူငယ်များ သိရှိနားလည်စေရန်နှင့် မှန်မှန်ကန်ကန်တွေးခေါ်နိုင်စေရန်အတွက် စာရေးဆရာမ ဒေါ်သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က “ ရသစာပေဖတ်စေချင်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားသမားများက ဂျူဒိုအားကစားနည်းအား သရုပ်ပြတင်ဆက်ခြင်း နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများက Fitness Dance ဖြင့် ဖျော်ဖြေခဲ့ ပြီးနောက် ဉာဏ်စမ်းပဟေဠိမေးခွန်းများ မေးမြန်းဖြေကြားခြင်းအစီအစဉ်များကို ဆောင်ရွက်ခဲ့ သည်။

ထို့နောက် အားကစားပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လှူဒါန်းပေးအပ်ခဲ့ရာ CAE ကိုယ်ပိုင် အထက်တန်း ကျောင်း ကြီးကြပ်အုပ်ချုပ်သူ ဦးမြင့်ဇော်နှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က လက်ခံခဲ့ပြီးနောက် သရုပ်ပြအဖွဲ့များနှင့် ဉာဏ်စမ်းပဟေဠိဖြေဆိုနိုင်သည့် ကျောင်းသား/ ကျောင်းသူများကို လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြု ချီးမြှင့်ငွေများနှင့် အမှတ်တရဆုလက်ဆောင်များ အသီးသီး ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီလူငယ်ရေးရာကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ CAE ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။