ဒုတိယဝန်ကြီး၊ ဦးဇင်မင်းထက်နှင့် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံခြင်းနှင့် စားသောက်ကုန် ထောက်ပံ့ပေးခြင်း အခမ်းအနားကျင်းပ
နေပြည်တော်၊ အောက်တိုဘာ(၂)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဇင်မင်းထက် နှင့် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံခြင်းနှင့် စားသောက်ကုန် ထောက်ပံ့ပေးခြင်း အခမ်းအနားကို ယနေ့နေ့လယ် (၁:၀၀) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဇင်မင်းထက်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲ(၄)ခုမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ဌာနအတွက်လိုအပ်သော ရုံးသုံးပစ္စည်းကိရိယာများကို ထောက်ပံ့ပေးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ယခုလတွင် ဘဲဥ(၁၀)လုံး ထောက်ပံ့ပေးသကဲ့သို့ လစဉ် ဆက်လက်ထောက်ပံ့ပေးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဝန်ထမ်းများ၏ လိုအပ်သော အခက်အခဲများကိုလည်း ဖြေရှင်းပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ဌာနခွဲ(၄)ခုတို့မှ အရာထမ်း/အမှုထမ်းများကိုယ်စား ဌာနခွဲတာဝန်ခံများအား ဘဲဥများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မိမိတို့ဦးစီးဌာနအနေဖြင့် ဝန်ထမ်းများသက်သာ ချောင်ချိရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ လိုအပ်သည့်ဝန်ထမ်းအင်အားများကိုလည်း ထပ်မံစေလွှတ်နိုင်ရေး၊ ဌာနအတွက်လိုအပ်သည့် ဝန်ထမ်းများကို နှစ်စဉ်ဖြည့်တင်းခေါ်ယူနိုင်ရေးကိစ္စများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မိမိတို့လုပ်ငန်းတာဝန်များကို စေတနာထားပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန် ထပ်လောင်းပြောကြားခဲ့ပါသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်မှ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ဝန်ထမ်းများမှ တင်ပြလာသည့်အခက်အခဲများအား မိမိအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲအား တစ်လလျှင် တစ်ကြိမ် ပြုလုပ်သွားမည် ဖြစ်ပါကြောင်းနှင့် ဝန်ထမ်းများဘက်မှလည်း မိမိတို့၏ အလုပ်တာဝန်များကို ကြိုးစားလုပ်ဆောင်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီးနောက် အခမ်းအနားအား မွန်းလွဲ (၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။