ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ ၂၈
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့သည်။
ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သေနတ်ပစ်ဖောက်၍ တာလွတ်ပေးရာ ပါဝင်ဆင်နွှဲကြသူ များသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းများအတိုင်း ပျော်ပျော်ပါးပါးလမ်းလျှောက် ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများနှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်း များကို စုပေါင်းလှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရေသန့်ဘူးနှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ဗဟိုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် စုစုပေါင်းအင်အား ၄၀၀၀ နီးပါးခန့် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။