အားကစားရေးရာဝန်ကြီးဌာန

Loading

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ ၂၂-၉-၂၀၂၆ ရက်နေ့တွင် ကြယ်ပွင့်ပြမေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး၊ ဦးညီညီ၏ ပြန်လည်ဖြေကြားချက်များ

မိုင်းရှူးမြို့နယ်၌ အားကစားကွင်းပွဲကြည့်စင်အား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေး မည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          ယနေ့ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၏ မြို့နယ်အားကစားကွင်းသည် ဒေသအတွင်းရှိ လူငယ်မောင်မယ်များတို့နှင့် မိဘပြည်သူများတို့၏ ကာယဉာဏဖွံ့ဖြိုးတိုးတက်ရေး ကျန်းမာကြံ့ခိုင်ရေး နှင့် အားကစားကဏ္ဍမြှင့်တင်ရေးတို့အတွက် အဓိကအားထားရသော နေရာတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါ အားကစားကွင်းတွင် မြို့နယ်အဆင့် ဘောလုံးပြိုင်ပွဲများ၊ ဌာနဆိုင်ရာအလိုက် အားကစား ပွဲများနှင့် နိုင်ငံတော်အထိမ်းအမှတ်နှင့် အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ် လျက်ရှိပါသော်လည်း လက်ရှိတွင် ပွဲကြည့်စင်အဆောက်အဦ မရှိခြင်းကြောင့် လာရောက်အားပေး ကြသော မိဘပြည်သူများ ဧည့်သည်တော်များနှင့် လူငယ်မောင်မယ်များတို့မှာ နေပူမိုးရွာဒဏ်ကို ခံကြရခြင်း၊ စနစ်တကျကြည့်ရှုကြရန် အခက်အခဲရှိခြင်းစသည့် အဆင် မပြေမှုများနှင့် ရင်ဆိုင်နေ ကြရပါကြောင်း၊ သို့ဖြစ်ပါ၍ မိုင်းရှူးမြို့နယ်အတွင်းရှိ အားကစားသမားများ၊ မိဘပြည်သူများတို့နှင့် ပွဲကိုလာရောက် အားပေးကြည့်ရှုကြသူများ စိတ်အေးချမ်းသာစွာ အားပေးကြည့်ရှုနိုင်ရန်နှင့် အားကစား ပွဲစဉ်များကို ပိုမိုအဆင့်အတန်းရှိစွာ ကျင်းပပြုလုပ်နိုင်ရန်အတွက် လျာထားသည့် RC ကွန်ကရစ် နှစ်ထပ် အလျား ၁၅၀ ပေ၊ အနံ ၃၀ ပေကျယ်ဝန်းသော ပွဲကြည့်စင် တစ်ဆောင်ကို ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေခွဲဝေချပေး၍ တည်ဆောက်ပေးပါရန် အစီအစဉ် ရှိ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

မိုင်းရှူးမြို့နယ်တွင် အားကစားကွင်း ပွဲကြည့်စင် ကွန်ကရစ် ၂ ထပ် အလျား ၁၅၀ ပေ၊ အနံ ၃၀ ပေ ကျယ်ဝန်းသော ပွဲကြည့်စင်တည်ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ မရှိနှင့် ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊  ဦးညီညီ ပြန်လည်ဖြေကြားချက်

          ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုသည့်စကားအတိုင်း လူတစ်ယောက်တွင်ဘဝ၏ ကျန်းမာကြံ့ခိုင်မှုသည် အဓိကအကျဆုံး အခြေခံလိုအပ်ချက်ဖြစ်ပါကြောင်း၊ ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် လန်းဆန်းတက်ကြွသော စိတ်ဓာတ်ကိုရရှိစေရန်အတွက် Exercise is Medicine ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းသည် အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါကြောင်း၊ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းဖြင့် မကူးစက်နိုင်သော နာတာရှည် ရောဂါများဖြစ်သည့် သွေးတိုး၊ ဆီးချို၊ နှလုံး ရောဂါများ၊ အဝလွန်ခြင်း၊ သွေးတွင်းအဆီဓါတ်များခြင်း၊ လေဖြတ်ခြင်း၊ အရိုးရောဂါများနှင့် စိတ်ကျရောဂါများကို သက်သာပျောက်ကင်းစေနိုင်ပါကြောင်း၊ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည်ဆိုသည့်စကားအတိုင်း ရောဂါများဖြစ်ပွားမှ ကုသခြင်းထက် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့် ရောဂါများမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ပေးနိုင်ရုံမက သက်သာ ပျောက်ကင်း စေနိုင်သဖြင့် အားကစားသည် ကျန်းမာသော လူ့အဖွဲ့အစည်း တည်ဆောက်ခြင်းကို များစွာ အထောက်အကူပြုနိုင်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲမှ ပြည်သူများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာတိုးတက်မြင့်မားရေးနှင့်စပ်လျဉ်း၍ ဒေသအလိုက် အားကစားပြိုင်ပွဲများကျင်းပပြုလုပ် ပေးရန် နှင့် အားကစားကွင်းများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ပေးရန် လမ်းညွှန်ချက်အရ အား ကစားရေးရာဝန်ကြီးဌာနအနေဖြင့် စံချိန်စံညွှန်းမီ အားကစားကွင်း၊ အားကစားရုံများနှင့် ဒေသတွင်း အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေးနိုင်ရေးအတွက် ပွဲကြည့်စင်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်တွင် လူဦးရေ ၁၇၄,၆၄၀ ဦးရှိပြီး မြေဧရိယာ ၄.၆၅ ဧကရှိသည့် မိုင်းရှူးမြို့နယ် အားကစားကွင်းမှာ နှစ် ၃၀ မြေဂရန် ရရှိထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ အားကစား ကွင်း အတွင်း အလျား ၁၃၀ ပေ၊ အနံ ၃၀ ပေ ရှိ ကွန်ကရစ် ပွဲကြည့်စင် ၂ ထပ် တည်ဆောက်ရန်အတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၁,၁၇၀ သန်းအား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စု ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထားတင်ပြ တောင်းခံပေးသွားမည် ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက် နှင့်အတူ ရှင်းလင်းဖြေကြားခဲ့ပါသည်။

မိုးကောင်းမြို့၊ မြို့နယ်အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ အောက်ခင်း ကြမ်းပြင် ပြုပြင်ပေးရန်နှင့် ဘောလုံးကွင်းပွဲကြည့်စင်တစ်ခု ထပ်မံဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ  သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

          မိုးကောင်းမြို့နယ်သည် ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၃၆ ခု၊ လူဦးရေ ၁၅၂၀၀၀ ခန့် ရှိသည့် မြို့နယ်တစ်ခုဖြစ်ပြီး အားကစားကိုစိတ်ဝင်စားသည့် မြို့နယ်သူ မြို့နယ်သားတွေ ဖြစ်ကြပါကြောင်း၊ မိုးကောင်းမြို့ပေါ်တွင် ပွဲကြည့်စင်တစ်ခုပါ ဘောလုံးပွဲကြီး တစ်ခု မိုးလုံလေလုံ အားကစားရုံနှင့် မြို့နယ်အားကစားဌာနရုံးဝန်ထမ်းနေအိမ်များ ပါဝင်သည့် မြို့နယ် ပြည်သူ့ အားကစားကွင်းတစ်ခုရှိပါကြောင်း၊  နေ့စဉ်လိုလို ဘောလုံးကွင်းအတွင်း ဘောလုံးကစားနေကြသူ များနှင့် မိုးလုံလေလုံအားကစားရုံ အတွင်းတွင် ဂျွမ်းဘားအက ကနေကြသူများ ပိုက်ကျော်ခြင်း၊ ကြက်တောင် ကစားနေကြသူများနှင့် စည်ကားလျက်ရှိတာကြောင့် ဝမ်းသာပိတိဖြစ်ကြရပြီး ယခု အခါတွင်  မိုးလုံလေလုံအားကစားရုံ၏ အောက်ခင်းသစ်သားကြမ်းပြင်သည် ပြုလုပ်စဉ် ကာလက အသားကောင်း မသုံးခဲ့သည့်အပြင်နှစ်စဉ် မိုးရာသီရောက်တိုင်း ရေဝင်ရေမြုပ်ခြင်းကြောင့် ဆွေးမြည့် ပျက်စီးလျက်ရှိပြီး အားကစားလုပ်ကြသူတွေဟာ မကျွံအောင်သတိထားကစား နေကြရပါကြောင်း၊ မိုးလုံလေလုံ အားကစားရုံ၏ အောက်ခင်းကြမ်းပြင်ကို သင့်လျော်သလို ပြန်လည်ပြင်ဆင်ပေးရန် တင်ပြတောင်းဆိုပါကြောင်း၊ မြို့နယ် ဘောလုံးကွင်းအတွင်းရှိ ပွဲကြည့်စင်သည်လည်း ဘောလုံးပွဲကျင်းပနေချိန်များတွင် ပရိတ်သတ် များပြားပြီး လုံလောက် မှုမရှိ၍ အများစုသည် ဘောလုံးကွင်းကိုကာရံထားသည့် သံဇကာခြံကို ကပ်မှီပြီး ကြည့်ကြရသည့် အတွက် သံဇကာခြံများ ပျက်စီးတာကိုတွေ့ရပြီး သင့်လျော်သည့် ဘောလုံးပွဲ ကြည့်စင်တစ်ခု ထပ်မံ တည်ဆောက်ပေးရန် လည်း တင်ပြတောင်းဆိုရန်လိုပါကြောင်း၊ မိုးကောင်းမြို့ ပြည်သူ့ အားကစားကွင်း  အတွင်းရှိ မိုးလုံလေလုံအားကစားရုံ၏ ပျက်စီးနေ သည့် အောက်ခင်းကြမ်းပြင် ကို သင့်လျော်သလို ပြန်လည်ပြုပြင်ပေးပါရန်နှင့် ဘောလုံးပွဲ ပွဲကြည့်စင် တစ်ခုထပ်မံ ဆောက်လုပ်ပေးနိုင်ပါရန် အစီအစဉ်များရှိ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်ပေး မည်ကို သိရှိလိုပါကြောင်းမေးမြန်းခဲ့ပါသည်။

မိုးကောင်းမြို့၊ မြို့နယ်အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ အောက်ခင်း ကြမ်းပြင် ပြုပြင်ပေးရန်နှင့် ဘောလုံးကွင်းပွဲကြည့်စင်တစ်ခု ထပ်မံဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ  သိရှိလိုခြင်းကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီက ပြန်လည်ဖြေကြားချက်

          အားကစားသည် ခန္ဓာကိုယ်ကျန်းမာ ကြံ့ခိုင်ရေးအတွက်သာမက စည်းကမ်းပြည့်ဝမှု၊ ဇွဲရှိမှုနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုကိုပါ ပျိုးထောင်ပေးတဲ့ အကောင်းဆုံးအရာတစ်ခုဖြစ်ပြီး အားကစား ကဏ္ဍသည် ပြည်သူလူထုတစ်ရပ်လုံး၏ ကိုယ်ခန္ဓာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် မရှိမဖြစ်လိုအပ်သော အရေးပါသည့် ကဏ္ဍတစ်ခု ဖြစ်သည့်အတွက် အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံးနှင့် လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစားအဆင့်အတန်း မြင့်မားတိုးတက်စေရန်အတွက် ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ “မျိုးဂုဏ်ဝင့်ကြွား မြန်မာ့အားကစား” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရေး၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး နှင့် ပြည်သူလူထု တစ်ရပ်လုံးအားကစားကို ပိုမို စိတ်ပါဝင်စားလာစေရေးတို့အတွက် အားကစား ကွင်းများ၊ အားကစားခန်းမများ၊ ပွဲကြည့်စင်များနှင့် ရေကူးကန်များ အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်းနှင့် အသစ်ထပ်မံ တည်ဆောက်ခြင်း လုပ်ငန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ခရိုင်၊ မြို့နယ်များအထိ တိုးချဲ့တည်ဆောက် အဆင့်မြှင့်တင်ပေး လျက်ရှိပါကြောင်း။

          ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ အလျား ၁၂၀ ပေ၊ အနံ ၉၀ ပေ အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေစာရင်းမှ ငွေကျပ် ၂၆၆.၃ သန်း ဖြင့်လည်းကောင်း၊ မိုးကောင်းမြို့နယ် အားကစားကွင်း၏ အနောက်ဘက်တွင် အထူးတန်း ပွဲကြည့်စင် အလျား ၁၀၀ ပေ ၊ အနံ ၄၀ ပေ ၁ ခုအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေစာရင်းမှ ငွေကျပ် ၈၈.၂ သန်းဖြင့် လည်းကောင်း တည်ဆောက်ပေးခဲ့ပြီးဖြစ်ပါကြောင်း။

          ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၏ ပျက်စီး နေသော အောက်ကြမ်းခင်းပြုပြင်နိုင်ရေးအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၅၄၀ သန်း နှင့် အထူးတန်း ပွဲကြည့်စင်၏ ဘယ်ဘက်တွင် ရိုးရိုးတန်းပွဲကြည့်စင် အလျား ၈၀ ပေ၊ အနံ ၃၀ ပေ ၁ ခုအား တည်ဆောက် နိုင်ရန်အတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၅၆၄ သန်း စုစုပေါင်း ခန့်မှန်း ကုန်ကျငွေ ကျပ် ၁၁၀၄ သန်းတို့အား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်၏ ကချင်ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထား နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရထံ တင်ပြခွင့်ပြုချက် ရယူ ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်းနှင့် ခွင့်ပြုချက် ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက် နှင့်အတူ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။

မကွေးမြို့နယ်တွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

          မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တည်ဆောက်ရန် မြေနေရာရရှိထားပြီးဖြစ်သော်လည်း ယနေ့အချိန်အထိ တည်ဆောက်နိုင်ခြင်း မရှိ သေးသည့်အတွက် တည်ဆောက်ပေးရန်အစီအစဉ် ရှိ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေး နှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ်အားကစား သမားများ ရှာဖွေဖော်ထုတ်ရန်အပါအဝင်  ဦးတည်ချက် (၄)ရပ်ဖြင့် အားကစားနှင့်ကာယပညာ သိပ္ပံကျောင်း ၈ ကျောင်းအား တင်ပြပါမြို့နယ်များအတိုင်း ဖွင့်လှစ်ထားရှိပါကြောင်း၊ တင်ပြပါ နေရာ၌ လွိုင်ကော်၊ ဟားခါးနှင့် စစ်တွေမြို့များမှာ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးစားပေးချထားခဲ့သည်ကို ဝမ်းသာကျေနပ် မိသော်လည်း ၎င်းဒေသများထက် လူငယ်မျိုး ဆက်သစ် အားကစားသမားများနှင့် လူ့စွမ်းအားအရင်းအမြစ် ပိုမိုများပြားပြီး ပြုစုပျိုးထောင် ပေးရန် လိုအပ်သည့် မကွေးတိုင်းဒေသကြီး၊ မြေလတ်ဒေသတွင်လည်း အားကစားနှင့်ကာယ ပညာသိပ္ပံကျောင်း တစ်ကျောင်း ဖွင့်လှစ်ပေးရန်လိုအပ်ချက် ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ၂၀၁၈ ခုနှစ်၌ အားကစားနှင့် ကာယပညာ သိပ္ပံ ကျောင်းဖွင့်လှစ်ရန်အတွက် ခရိုင်မြေနေရာချထားရေးကော်မတီမှ သပြေစမ်းကျေးရွာအုပ်စု၊ ကွင်း အမှတ်(၁၆၇၀-ဂ) တွင် မြေဧရိယာ ၅၂.၀၉ ဧကအား ချထားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ချထားပေးသည့်မြေနေရာတွင် နိုင်ငံတော်သမ္မတရုံးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတို့မှ ၂၀၁၈ ခုနှစ်တွင် မြေလွှဲမိန့်ရရှိရေး ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုခဲ့ပြီးဖြစ်သော်လည်း ယနေ့အချိန်အထိ မကွေးမြို့နယ် သတ်မှတ်နေရာတွင် အားကစားနှင့် ကာယသိပ္ပံပညာကျောင်း တည်ဆောက်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ သက်ဆိုင်ရာဌာနအနေဖြင့်လည်း ဌာနပိုင် အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ခြင်း မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ မကွေးတိုင်းဒေသကြီး အတွင်းမှ တင်ပြပါအတိုင်း နိုင်ငံ့လက်ရွေးစင်အဆင့် အားကစားသမားများ ပေါ်ထွန်းခဲ့သော်လည်း စနစ်တကျ လေ့ကျင့်မွေးထုတ်ပေးနိုင်သည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းတစ်ကျောင်း လိုအပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီးမှ လူငယ်မျိုးဆက်သစ် အားကစားသမားအနေဖြင့် မန္တလေးမြို့ရှိ အားကစားနှင့်ကာယသိပ္ပံပညာကျောင်းသို့သာ အများဆုံးသွား ရောက်သင်ကြား လေ့ကျင့်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ အကယ်၍ မိမိ ဒေသအတွင်း၌သာ သင်ကြား လေ့ကျင့်ခွင့်ရရှိမည်ဆိုပါက အကြောင်းအမျိုးမျိုးကြောင့် သွားရောက်နိုင်ခြင်းမရှိသည့် လူငယ် မျိုးဆက်သစ်များအတွက်ပါ အဆင်ပြေနိုင်ပြီးမြန်မာနိုင်ငံ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် မကွေးတိုင်းဒေသကြီးမှ ထိရောက်စွာ စွမ်းဆောင်ပေးနိုင်မည် ဖြစ်သည်ကို သိရှိ ရပါကြောင်း၊ သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး၊ မြေလတ်ဒေသအတွင်းမှ လူငယ်မျိုးဆက်သစ် အားကစားသမား များပြုစုပျိုးထောင်လေ့ကျင့် မွေးထုတ်ပေးနိုင်ရန်အတွက် ၂၀၁၈ ခုနှစ် ကတည်းကလျာထား သတ်မှတ်ခဲ့ပြီးဖြစ်သည့် မြေနေရာတွင် အားကစားနှင့် ကာယသိပ္ပံပညာ ကျောင်းတစ်ကျောင်း ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ် ပေးမည်ကို သိရှိလိုပါ ကြောင်း မေးမြန်းခဲ့ပါသည်။

မကွေးမြို့နယ်တွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တည်ဆောက်ရန် မြေနေရာရရှိ ထားပြီးဖြစ်သော်လည်း ယခုအချိန်ထိ တည်ဆောက်နိုင်ခြင်း မရှိသေးသည့်အတွက် တည်ဆောက် ပေးရန်အစီအစဉ် ရှိ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးညီညီ က ပြန်လည်ဖြေကြားချက်

          အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများကို မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေး အတွက် မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်နိုင်ရေးတွင် အထောက်အကူ ပြုစေရန်၊ ဒေသအလိုက် ရွက်ပုန်းသီးထူးချွန်အားကစားသမားများ ပိုမိုပေါ်ထွက်လာစေရန်၊ မြန်မာ့အားကစား အောင်မြင်မှုများတွင် ဒေသအသီးသီးမှ တိုင်းရင်းသားများအားလုံး ပါဝင်နိုင် စေရန်နှင့် ဒေသအလိုက် အားကစားလုပ်ငန်းများဖွံ့ဖြိုးပြီး တိုင်းရင်းသားပြည်သူများ ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန်စသည့် ဦးတည်ချက်(၄)ရပ်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် ပညာရေးကို အားကစားနှင့် တွဲဖက်လျက် ဟန်ချက်ညီညီဖြင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်မွေးထုတ် နိုင်ရန်အတွက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း ၈ ကျောင်းကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ လွိုင်ကော်၊ စစ်တွေနှင့် ဟားခါးမြို့များတွင် တည်ဆောက်ခဲ့ ပါကြောင်း၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်း ၆ ကျောင်းဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ လွိုင်ကော်တို့အား တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး အားကစားနှင့် ပညာရေးကို အချိုးညီမျှစွာဖွံ့ဖြိုး တိုးတက်စေရန် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစား နှင့်ကာယပညာ သိပ္ပံ(စစ်တွေ) နှင့် (ဟားခါး)တို့မှာ တည်ဆောက်ပြီးဖြစ်သော်လည်း သဘာဝဘေးအန္တရာယ်နှင့် အကြောင်း အမျိုးမျိုးတို့ကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသေးပါကြောင်း၊

          အားကစားရေးရာဝန်ကြီးဌာနအနေဖြင့်လည်း မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းတည်ဆောက်ထားခြင်း မရှိသေးသည့်အတွက် ဖွင့်လှစ်နိုင် ရန် ပထမဦးစားပေးမြေနေရာဖြစ်သည့် မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၇၀-ဂ)၊ အကွက်အမှတ်(တာလမ်းတောင်ကွင်း)၊ မြေကွက်အမှတ်(၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၈)၊ မြေ ဧရိယာ ၅၂.၀၉ ဧကရှိ ကျန်အခြားမြေ (OA)နှင့် ဒုတိယဦးစားပေးမြေနေရာဖြစ်သည့် မကွေး မြို့နယ်၊ ဆူးကောက်စမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၆၈၁-ခ)၊ အကွက်အမှတ်(တုံ့လဲကွင်း)၊ မြေဧရိယာ ၅၀.၁၃ ရှိ ကျန်အခြားမြေ(OA)နေရာများအား လျာထားခဲ့ပါကြောင်း၊ အဆိုပါလျာထား မြေနေရာ ၂ ခု အနက် ပထမဦးစားပေးမြေနေရာအား အားကစားရေးရာဝန်ကြီးဌာန၊ အားကစား နှင့်ကာယပညာ ဦးစီးဌာနပိုင် မြေပိုင်ဆိုင်မှုရရှိရန်အတွက် ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်သမ္မတရုံးမှ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ဆောင်ရွက်ခွင့်ရရှိခဲ့ပါကြောင်း၊ အားကစားရေးရာ ဝန်ကြီးဌာန ပိုင်အခမဲ့ မြေလွှဲမိန့်ရရှိရေးအတွက် တစ်နှစ်အတွင်းရေးဆွဲထားသော မြေစာရင်းပုံစံ(၁၀၅/၁၀၆)လိုအပ်သည့်အတွက် ရေးဆွဲ၍ မြို့နယ်မြေစာရင်းဦးစီးဌာနသို့ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊

          သို့ဖြစ်ပါ၍ မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၇၀-ဂ)၊ အကွက် အမှတ်(တာလမ်းတောင်ကွင်း)၊ မြေကွက်အမှတ်(၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၈)၊ ရှိ မြေဧရိယာ ၅၂.၀၉ ဧကအား အားကစားရေးရာဝန်ကြီးဌာနပိုင် အခမဲ့မြေလွှဲမိန့်ရရှိပြီးပါက အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းတည်ဆောက်နိုင်ရေးအတွက် စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ် ငွေကျပ်၈၃,၄၇၇.၂၆၀ သန်းအားနီးစပ်ရာ ဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ စာရင်းတွင်လျာထားတင်ပြ တောင်းခံ ပေးသွားမည်ဖြစ်ကြောင်းနှင့် ရန်ပုံငွေခွင့်ပြုရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်နှင့်အတူ ရှင်းလင်း ဖြေကြားခဲ့ပါသည်။

တနိုင်းမြို့နယ်၊ ကင်ဆားရပ်ကွက် ပြည်သူ့အားကစားကွင်း၌ ဘောလုံးကွင်းပတ်လမ်း၊ ပွဲကြည့်စင်၊ လူငယ်လေ့ကျင့်ရေးဘောလုံးကွင်းနှင့် ဖူဆယ်ဘောလုံးကွင်းရုံတို့ကိုတည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          တနိုင်းမြို့နယ်၊ ကင်ဆားရာရပ်ကွက်အတွင်းရှိ အားကစားရေးရာဝန်ကြီးဌာနပိုင်၊ အားကစားဝင်းအတွင်း ၆ ပုံ ၂ ပုံကို တနိုင်းမြို့နယ်၏ လိုင်းပေါင်းစုံကားဂိတ်နှင့် ကားကြီးဝင်း များ ရှိနေခြင်းသည် အားကစားကွင်းနှင့် သဟဇာတမဖြစ်သကဲ့သို့ အားကစားကွင်းတွင်လာရောက် လေ့ကျင့်နေသည့် လူငယ်အားကစားသမားများအတွက် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာနိုင် ကြောင်း၊  တနိုင်းမြို့ပေါ် ၁၁ ရပ်ကွက်၊ မြို့တစ်မြို့၊ ကျေးရွာ ၁၃ ရွာဖြင့် ဖွဲ့စည်းထားပြီး မြို့ပေါ်ကင်ဆားရာရပ်ကွက်မှ လက်ရှိအားကစားရေးရာဝန်ကြီးဌာနပိုင် လက်အောက်ရှိ ပြည်သူ့အားကစားကွင်း အကျယ်အဝန်းမှာ အလျား ၆၆၈ ပေ၊ အနံ ၄၃ ပေရှိ မြို့နယ်အားကစားကွင်း တစ်ကွင်းဖြစ်ပါကြောင်း၊  ယင်းအားကစားကွင်း အတွင်းမှ ဘောလုံးကွင်း တစ်ကွင်း၊ လူ ၅၀၀ ဆံ့ ပွဲကြည့်စင် တစ်ခု၊ လူ ၂,၅၀၀ ဦးဆံ့ မိုးလုံလေလုံ အားကစားရုံ တစ်ရုံနှင့်မြို့နယ်ရုံးတစ်ရုံးသာရှိပြီး ကျန်ရှိသည့် နေရာကို ကားကြီးကွင်းအား ငှားရမ်းထား သည်မှာ ဆယ်စုနှစ်တစ်ခု ကျော်သွားပြီဖြစ်ကြောင်း၊ တနိုင်းမြို့မှာ လူဦးရေ ၅၀,၀၀၀ ကျော်ရှိပြီး အထက်တန်း ကျောင်း ၄ ကျောင်း၊ အ.ထ.က (ခွဲ)ကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်း၊ အ.လ.က(ခွဲ)   ၂ ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ) ၁ ကျောင်း၊ မူလတန်း(လွန်)၁၀ ကျောင်း၊ မူလတန်း ၁၃ ကျောင်း နှင့် မူလတန်း ကျောင်း (ခွဲ) ၁ ကျောင်း စုစုပေါင်း ၃၅ ကျောင်းရှိပါကြောင်း ၊ တနိုင်းမြို့မှာ နှစ်စဉ် လအလိုက် ဘောလုံး ပွဲများကျင်းပလျက်ရှိပြီး မြို့နယ်စီမံဥက္ကဋ္ဌ၏ ရပ်/ကျေး ဖလားပွဲ၊ ကျောင်းပေါင်းစုံ ဘောလုံးပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲများ၊ ဝန်ကြီးချုပ်၏ တိုင်းရင်းသား ပေါင်းစုံ ဘောလုံး ပြိုင်ပွဲ၊ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဖလားပြိုင်ပွဲ၊ နေ့ကြီး၊ ရက်ကြီး အထိမ်းအမှတ် ပြေးခုန်ပစ်ပြိုင်ပွဲအားလုံးကို မြို့နယ်ရှိ ပြည်သူ့အားကစားကွင်းတစ်ကွင်းကို အားကိုးပြီး ကျင်းပပြုလုပ်သည့် အခါ ဘောလုံးပွဲအနေဖြင့် အဆင်ပြေသော်လည်း မီတာအလိုက် အပြေး ပြိုင်ပွဲများ၊ တခြားပြိုင်ပွဲများ ကျင်းပရန် နေရာမရှိသည်ကို တွေ့မြင်ရပါကြောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားရာ၌ အားကစား ကဏ္ဍနှင့်စပ်လျဉ်းပြီး ၂၁ ရာစု ၏ နိုင်ငံတကာယှဉ်ပြိုင်မှုများသည် စိတ်အင်အား၊ စီးပွားရေး အင်အားနှင့် နည်းပညာအင်အားတို့ကိုသာ အခြေခံသည့် ယှဉ်ပြိုင်မှုများ မဟုတ်တော့ဘဲ လူ့စွမ်းအားအရင်းအမြစ်နှင့် အရည်အသွေး၊ ပြည်သူလူထု၏ ကျန်းမာကြံ့ခိုင်မှု၊ ဆန်းသစ် တီထွင် နိုင်စွမ်း၊ အမျိုးသားစည်းလုံးညီညွတ်မှု နှင့် နိုင်ငံတကာတွင် ဩဇာလွှမ်းမိုးနိုင်စွမ်း စသည်များကို အခြေခံသည့် ဆန်းသစ်တီထွင်မှု အသွင်ပြောင်းလာ နေသည်ကိုလည်း တွေ့ရမည် ဖြစ်ပါကြောင်း ၊  ထိုသို့ပြောင်းလဲလာသည် နှင့်အတူ နိုင်ငံအသီးသီးမှ အားကစား ကဏ္ဍသည် ယခင်ကဲ့သို့ ပြိုင်ပွဲ ဝင်ရန်၊ ဆုတံဆိပ်ရရှိရန်မဟုတ်တော့ဘဲ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရန်၊ လူငယ်များ၏ စည်းကမ်း၊ ခေါင်းဆောင်မှုနှင့် အသင်းအဖွဲ့စိတ်ဓာတ် မွေးမြူပေးနိုင်ရန် အမျိုးသား စည်းလုံး ညီညွတ်မှု တည်ဆောက်ပေးနိုင်ရန်နှင့် အထောက်အကူပြုစေနိုင်သည့် အပြင် နိုင်ငံတကာ အလယ်တွင်လည်း နိုင်ငံ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်သည့်အတွက် အားကစား ပြိုင်ပွဲများကို လက်နက် မပါသည့် တိုက်ပွဲများဟုပင် တင်စားလာသည် တွေ့ရှိရပါကြောင်း၊ မြန်မာ့အားကစားပြန်လည် ဖွံ့ဖြိုး တိုးတက်လာစေရေးကို ရှေးရှုပြီး အားကစားရေးရာဝန်ကြီးဌာန ကိုလည်း သီးခြားဖွဲ့စည်းပေးခြင်း ဖြစ်သည်ဟု ပြောကြားသွားပါကြောင်း၊ ၂၀၂၂ ခုနှစ်မှစ၍ ခရိုင်အဆင့် တိုးမြှင့်ခြင်းခံထားရသည့် ခရိုင်မြို့တစ်မြို့ဖြစ်ပြီး လက်ရှိမြို့နယ်ခွဲတွင် အားကစား သမားများ၏ လေ့ကျင့်ရေးကွင်းသည် ပြိုင်ကွင်းဖြစ်သည့်အတွက် ရေရှည်တွင်ပြုပြင် ထိန်းသိမ်းနိုင်မှုမရှိလျှင် ပျက်စီးသွားနိုင်သည့်အတွက် အားကစားကွင်းအတွင်းတွင် လေ့ကျင့်ရေး တစ်ကွင်း၊ မီတာ ၄၀၀ ပြေးပတ်လမ်း၊ လူ ၅၀၀ ဆံ့ ပွဲကြည့်စင်တစ်စင်၊ ဖူဆယ်ဘောလုံးကွင်း တစ်ကွင်းတို့ကို တိုးချဲ့ဆောက်လုပ်ပေးနိုင်ပါရန် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို တိကျစွာဖြေကြားပေးပါရန် မေးမြန်းခဲ့ပါသည်။

တနိုင်းမြို့နယ်၊ ကင်ဆားရပ်ကွက် ပြည်သူ့အားကစားကွင်း၌ ဘောလုံးကွင်းပတ်လမ်း၊ ပွဲကြည့်စင်၊ လူငယ်လေ့ကျင့်ရေးဘောလုံးကွင်းနှင့် ဖူဆယ်ဘောလုံးကွင်းရုံတို့ကိုတည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိသိရှိလိုခြင်းကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး၊ ဦးညီညီက ပြန်လည်ရှင်းလင်း ဖြေကြားချက်

          နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံသားတို့၏ ကျန်းမာကြံ့ခိုင်မှုနှင့် တိုက်ရိုက် ဆက်စပ် လျက်ရှိပြီး “ကျန်းမာကြံ့ခိုင် ပြည့်မဏ္ဍိုင်” ဆိုသည့်အတိုင်း နိုင်ငံသားတိုင်း ကျန်းမာ သန်စွမ်းမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်မှာဖြစ်ပါကြောင်း၊ တိုးတက်သော နိုင်ငံတိုင်းက မိမိတို့နိုင်ငံ၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ဘက်ပေါင်းစုံက ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ အားကစားရေးရာဝန်ကြီးဌာနအနေ ဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန် ၊ ပြည်သူများ အားကစားကို ပိုမိုစိတ်ပါဝင်စားစွာ ပါဝင်ဆင်နွှဲလာစေရန်နှင့် နိုင်ငံတကာအဆင့်မီ ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် အားကစားဆိုင်ရာ အခြေခံ အဆောက် အအုံများကို စနစ်တကျ တိုးချဲ့တည်ဆောက်ပေးလျက်ရှိသည့်အပြင် Mass Sports အစီအစဉ် များဖြင့်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

          လက်ရှိအချိန်တွင် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း အားကစားကွင်းများ၊ အားကစားရုံများ၊ ပွဲကြည့်စင်များနှင့်ရေကူးကန်များကိုအဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့တည်ဆောက် ခြင်းနှင့် အသစ်ထပ်မံတည်ဆောက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကချင်ပြည်နယ်၊တနိုင်းမြို့နယ် အားကစားကွင်းမြေဧရိယာ ၆.၇၆၂ ဧကသည် အားကစားရေးရာဝန်ကြီးဌာနပိုင်မြေအဖြစ် အခမဲ့မြေလွှဲမိန့်ရရှိပြီးသော မြေနေရာ ဖြစ်ပြီး အားကစား ကွင်းအတွင်းရှိ အားကစားခန်းမ ကြမ်းခင်းအသစ် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၂၄၇.၅ သန်း၊ အားကစားကွင်းမြေဖို့ခြင်း ၄၅၀ ပေ၊ ၂၉၀ ပေ နှင့် Inner Fencing ၁၄၈၀ ပေ ကာရံခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် ခန့်မှန်း ကုန်ကျငွေ ကျပ် ၆၀၇.၈ သန်း စုစုပေါင်း ငွေကျပ် ၈၅၅.၃ သန်းတို့အား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေ စာရင်း တွင် ထည့်သွင်းလျာထားဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း။

          ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကင်ဆားရာရပ်ကွက် ပြည်သူ့အားကစားကွင်းအတွင်း တွင် အားကစားခန်းမ၊ အထူးတန်းပွဲကြည့်စင်၊ Score Board နှင့် ရုံးအဆောက်အဦများ ဆောက်လုပ်ထားရှိပြီး စုစုပေါင်းမြေဧရိယာ အလျား ၄၉၀ ပေ၊ အနံ ၃၇၀ ပေ သာကျန်ရှိသည့် အတွက် တနိုင်းအားကစားကွင်း အတွင်း မီတာ ၄၀၀ပြေးလမ်းပါဘောလုံးကွင်း ဖောက် လုပ်ရန် အတွက် မြေနေရာလုံလောက်မှု မရှိပါသဖြင့် ဆောင်ရွက်ပေး၍မရနိုင်ပါကြောင်း၊ မြေဧရိယာ အကျယ်အဝန်း အလျား ၆၂၂ ပေ၊ အနံ ၃၃၄ ပေ ရှိမှသာ မီတာ ၄၀၀ ပြေးလမ်းပါ အားကစားကွင်းအဖြစ် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ တနိုင်း မြို့နယ်အားကစား ကွင်း အတွင်း လက်ရှိပွဲကြည့်စင် ၁၀၀ ပေ x ၄၀ ပေ အား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေမှ ငွေကျပ် ၉၀ သန်း ဖြင့် တည်ဆောက်ခဲ့ပြီးဖြစ်ပါကြောင်း။

          တနိုင်းမြို့နယ်အားကစားကွင်း ရိုးရိုးတန်းပွဲကြည့်စင် ၁၀၀ ပေ x ၄၀ ပေ တည်ဆောက်ခြင်း လုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၇၂၀ သန်းနှင့် ဖူဆယ်အားကစားရုံ ၁၅၀ ပေ x ၁၁၀ ပေ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၃,၃၀၀ သန်း စုစုပေါင်း ငွေကျပ် ၄,၀၂၀ သန်းတို့အား ဦးစားပေးအလိုက် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်၏ ကချင်ပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေတွင် ထည့်သွင်းလျာထား နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက် ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်နှင့်အတူ ပြန်လည်ဖြေကြားခဲ့ပါသည်။