အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုလျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန်(၁၉)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှု လျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာ စကားပြောကြားရာတွင် လူမှုရေးဦးတည်ချက်၏ တတိယအချက်ဖြစ်သည့် “ နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့်အတိုင်း နိုင်ငံတော်အနေနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက် လျက်ရှိပြီး လူငယ်များ အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများကို အသုံးမပြုနိုင်အောင် ထိရောက်စွာကာကွယ်ပေးနိုင်ရန် ဌာနဆိုင်ရာ အသီးသီး၊ အဖွဲ့အစည်းအသီးသီးနှင့်ပူးပေါင်း၍ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်ရေးရာဦးစီး ဌာနအနေဖြင့်လည်း ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းထားသည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါရှိသည့်အတွက် လူငယ်များအကြား ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှု လျော့နည်းကျဆင်းရေး အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုး ရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်း ရောဂါ အစရှိသည့် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းတွင် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး သုံးစွဲသူအတွက်သာမက ဘေးပတ်ဝန်းကျင်မှ လူများအတွက်လည်း ကောင်းကျိုးတစ်စုံတစ်ရာမရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ လူတိုင်းသည် အသက်ရှည်ပြီး ကျန်းမာလိုသည့်ဆန္ဒရှိကြသည့်အတွက် ကျန်းမာရေးလိုက်စားပြီး ခန္ဓာကိုယ်ကြံ့ခိုင် သန်မာအောင် ကိုယ်လက်လှုပ်ရှားအားကစားများကို ပြုလုပ်သွားကြရန်လိုကြောင်း၊ ကျောင်းသား လူငယ်များအနေဖြင့် ကျန်းမာသန်စွမ်းပြီး ထက်မြက်သည့် ကာယအား၊ ဉာဏအားများနှင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာက ပါဝင်နိုင်ရေး ကြိုးစားသွားကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်း၊ ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်နေ့သည် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ “ World No Tobacco Day” ဖြစ်၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ကျန်းမာသော လူနေမှုဘဝပုံစံရရှိစေရေးအတွက် အားလပ်ချိန်များတွင် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်သွားရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို စားသုံးကြရန်၊ ဆေးလိပ် ဆေးရွက်ကြီးနှင့် Electronic Smoking Devices သုံးစွဲမှုသည် အန္တရာယ် အလွန်ကြီးမားသည့်အတွက် E-cigarette၊ Vape နှင့် Heated Tobacco Product များ၊ Electronic အငွေ့ရှူစက်များ၊ ဆေးလိပ် ဆေးရွက်ကြီးထွက်ပစ္စည်းများကို ကလေးလူငယ်ဘဝမှစတင်ပြီး မသုံးစွဲကြရန် အထူးမှာကြားလိုကြောင်း၊ မိမိမိသားစုအတွက်၊ မိမိတိုင်းပြည်အတွက် အကျိုးပြုနိုင်သူများဖြစ်အောင် အသိပညာ၊ အတတ်ပညာများနှင့် အထွေထွေဗဟုသုတများကို ကြိုးစားရှာဖွေသင်ယူပြီး မှန်ကန်သည့် အတွေးအခေါ်နှင့် ဉာဏ်ပညာများရရှိစေရန် စာအုပ်စာပေကောင်းများကို ရွေးချယ်ဖတ်ရှု၍ အကျင့်စာရိတ္တကောင်းမွန်ပြီး ဗလငါးတန်နှင့် ပြည့်စုံသူများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများကာကွယ်နှိမ်နှင်းရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရဲဖြိုးက ဆေးလိပ်၊ ဆေးရွက်ကြီးအကြောင်း၊ Electronic အငွေ့ရှူစက်များသုံးစွဲမှု၏ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများနှင့် ဆေးလိပ် ဆေးရွက်ကြီး ဖြတ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေး ဟောပြောခဲ့ပြီးနောက် လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများက Fitness Dance ဖြင့် ကပြဖျော်ဖြေ ခြင်းနှင့် ဉာဏ်စမ်းပဟေဋ္ဌိမေးခွန်း မေးမြန်းဖြေကြားခြင်းအစီအစဉ်များကို ပြုလုပ်ခဲ့သည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အားကစားပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်ခဲ့ရာ အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ထားဆွေနှင့် ပြည့်သူ့ကျန်းမာရေးဖောင်ဒေးရှင်း အလုပ်အမှုဆောင် ဒေါက်တာတင်မောင်ထွေးတို့က လက်ခံခဲ့ပြီးနောက် လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်က အသိပညာပေးဟောပြောပို့ချခဲ့သည့် ဒေါက်တာရဲဖြိုးနှင့် Fitness Dance အဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။