စိန်နားပန် မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲတွင် (ဆန်းသစ်တီထွင်မှုအကောင်းဆုံးဆု)ကိုအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှရရှိ
နေပြည်တော်၊ နိုဝင်ဘာလ(၁၉)ရက်။
တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးဌာန ၁၅ ခုပါဝင်ယှဉ်ပြိုင်ခဲ့သော စိန်နားပန် မီးပုံးပျံ ပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ “ ဆန်းသစ်တီထွင်မှုအကောင်းဆုံးဆု” ရရှိခဲ့ပြီး ဆုကြေးငွေ ကျပ် ၅ သိန်းတိတိ ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရပါသည်။
အဆိုပါ ဆုရရှိခဲ့သည့်အတွက် မီးပုံပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ တစ်ထောင့်တစ်နေရာမှ စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ၁၉-၁၁-၂၀၂၄ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မီးပုံပျံလွှတ်တင်ပူဇော်ရေးတာဝန်ခံ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကိုယ်စားပြု လူငယ်အားမာန် စိန်နားပန် မီးပုံးပျံတွင် အမြင့် ၃၀ ပေ၊ ခေါင်အချင်း ၁၈ ပေ၊ နံတောင်အမြင့် ၁၇ ပေ၊ မီးဇာအမြင့် ၅ ပေ ၅လက်မရှိပြီး အဖြူရောင်အောက်ခံတွင် အားကစားကဏ္ဍတစ်ရပ်လုံးကို ကိုယ်စားပြုသည့် အပြာရောင်၊ အဝါရောင်၊ အနက်ရောင်၊ အစိမ်းရောင်၊ အနီရောင် အိုလံပစ်ကွင်း ၅ ကွင်းကို LED မီးသီးအလုံးပေါင်း (၁၀၀၀)ကျော်နှင့် ပုံဖော်ချိတ်ဆွဲထားကြောင်း၊ အိုလံပစ်ကွင်း ၅ ကွင်းမှာ ကမ္ဘာပေါ်ရှိ တိုက်ကြီး ၅ တိုက်အား ကိုယ်စားပြုပြီး စည်းလုံးညီညွတ်ခြင်းကို ပြသပုံဖော်ထားကြောင်း၊ မီးပုံပျံ၏အောက်တွင် “ အားကစားလူငယ် ပြည့်ဂုဏ်ထည်” ဆိုသည့်စာသားကို ချိတ်ဆွဲဖော်ပြထားပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်၍ နိုင်ငံတော်၏ဂုဏ်ကိုမြှင့်တင်နေပြီး လူငယ်ကဏ္ဍ(၁၆)ရပ်ဖြင့် လူငယ်များဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကိုလည်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့ဂုဏ်၊ တိုင်းပြည်ဂုဏ်ကို ကမ္ဘာ့အလယ်တွင် ဝင့်ဝင့်ကြွားကြွား ထည်ထည်ဝါဝါဖြစ်အောင် စွမ်းဆောင်လျက်ရှိသည့်အဓိပ္ပာယ်ကို ဖော်ဆောင်ထားခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနကိုယ်စား ပါဝင်ဆောင်ရွက်သူများ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ခဲ့ကြသဖြင့် ဆုရရှိခဲ့သည့်အတွက် ဝမ်းသာပါကြောင်း၊ မီးပုံပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ပါဝင်ခဲ့ကြသော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်းပြောကြား၍ ပြည်ထောင်စုဝန်ကြီးမှ ချီးမြှင့်သည့် ထပ်ဆောင်းဂုဏ်ပြုငွေ ကျပ် ၂ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုးမှ ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်း ကျပ် ၇ သိန်းတိတိကို မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင်ပါဝင်ခဲ့ကြသည့် ဝန်ထမ်းများအားလုံးသို့ တစ်ဦးလျှင် ကျပ် ၁ သောင်းနှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။