စခန်းဝင်အားကစားသမားများအတွက် လိုအပ်သော Sports Nutrition အာဟာရပိုင်းဆိုင်ရာနှင့်စပ်လျဉ်းသည့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန်၊ ဇွန်လ(၂၇)ရက်။
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများအတွက် လိုအပ်သော Sports Nutrition အာဟာရပိုင်းဆိုင်ရာနှင့်စပ်လျဉ်းသည့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း နှင့်တာဝန်ရှိသူများ၊ အုပ်ချုပ်သူများ/ နည်းပြများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားသမားများ အားကစားနည်းအလိုက် နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများပြုလုပ်ပြီးချိန်တွင် ကုန်ခမ်းသွားသည့် အင်အားများကို ပြန်လည်ဖြည့်တင်းပေးရန်နှင့် လိုအပ်သည့် Sports Nutrition အာဟာရပိုင်းဆိုင်ရာများ၌ ထိထိရောက်ရောက် အားဖြည့် ကျွေးမွေးစေလိုကြောင်း၊ လက်ရှိကျွေးမွေးနေသည့် အခြေအနေများမှ အာဟာရပြည့်ဝအောင် ထပ်မံကျွေးမွေးသင့်သည့် ပုံစံနှင့်အစားအစာများ ကို အသေးစိတ် ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ အားကစားနည်းအလိုက် အုပ်ချုပ်သူ/နည်းပြများမှ ဆွေးနွေးတင်ပြချက်များ အပေါ် ဒုတိယအမြဲတမ်းအတွင်းဝန် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူတို့က ထပ်မံဖြည့်စွက်ဆွေးနွေးပြီးနောက် ဒုတိယဝန်ကြီးက အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း ပြောကြား၍ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။




